စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပညာရေးအခြေအနေ ကမ္ဘာ့ဘဏ်သတိပေး

ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ပေါ်ရှိ ကျောင်းတကျောင်းမှာ ပထမဆုံးကျောင်းဖွင့်ရက်အတွင်း ကျောင်းသူကျောင်းများကိုတွေ့ရစဉ် (ဇွန် ၁၊ ၂၀၁၂)

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် စိုးရိမ်ဖွယ်အနေအထားမှာ ရှိကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့က အထက်တန်းကျောင်းသူကျောင်းသားအများစုဟာ ကျောင်းထွက်ပြီး တော်လှန်ရေးအတွက် လက်နက်ကိုင်နေကြတယ်လို့ ကျောင်းဆရာဆလိုင်းက ပြောပါတယ်။ ဆရာဆရာမ မလုံလောက်တဲ့ ပြဿနာနဲ့ ကြုံနေရတာကြောင့် ထန်တလန်က ကျောင်းသူကျောင်းသား အယောက် ၁၇၀၀၀ လောက်ကို စေတနာ့ဝန်ထမ်း အယောက် ၁၁၀၀ လောက်က ပလပ်စတစ်အမိုးအကာတွေအောက်မှာ တတ်နိုင်သလောက် စာသင်ပေးနေကြောင်းလည်း သူက ပြောပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း အထက်တန်းအရွယ် ကလေးအားလုံးရဲ့ ၂၂ ရာခိုင်နှုန်းပဲ ကျောင်းအပ်ကြတယ်လို့ ဒီလထဲမှာ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၇ ကနေ ၂၀၂၃ ကြား မြန်မာနိုင်ငံမှာ ကျောင်းအပ်နှုန်း ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားတာကို ထောက်ပြထားပြီး ပညာရေးလက်လှမ်းမီမှု စိုးရိမ်ရတဲ့အခြေအနေမှာ ရှိကြောင်း ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရဆီ ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်းမရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေ ပိတ်ခဲ့ရပြီးနောက်ပိုင်း မြန်မာနိုင်ငံက ကလေးအများစုက ကျောင်းပြန်မတက်ကြတော့ဘူးလို့ အိမ်ထောင်စု ၈၅၀၀ နီးပါးကို ကောက်ယူတဲ့ စစ်တမ်းကို အခြေခံပြီး ကမ္ဘာ့ဘဏ်က ဖော်ပြထားပါတယ်။

အာဏာသိမ်းမှုကြောင့် အာဏာဖီဆန် CDM လှုပ်ရှားမှုမှာလည်း ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမတွေ ပါဝင်ကြတာ ဖြစ်ပြီး အလုပ်ထွက် ကျောင်းထွက်ခဲ့ကြတာပါ။ မြန်မာနိုင်ငံတွင်းက ဒေသတချို့မှာတော့ ကလေးတွေ ကျောင်းပြန်လာတက်ချိန် စာမလိုက်နိုင်တာတွေ များသလို အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ဒေသတွေမှာလည်း ရှောင်တိမ်းရင်း စေတနာ့ဝန်ထမ်းတွေက အတန်းပညာသင်ပေးနေရပါတယ်။

Your browser doesn’t support HTML5

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပညာရေးအခြေအနေ ကမ္ဘာ့ဘဏ်သတိပေး