ရှမ်းမြောက် နဲ့ ကချင် ဘက်က တိုက်ပွဲ နောက်ဆုံးအခြေအနေ

TNLA တပ်ဖွဲ့ဝင်များ

ရှမ်းပြည်နယ် နောင်ချို၊ တောင်ခမ်းမှာရှိတဲ့ စစ်ကောင်စီအမြှောက်တပ်စခန်း ၂ ခုကို TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့ တဲ့သောကြာနေ့မနက်က သိမ်းပိုက်ရရှိသွားပြီလို့ ဒေသခံတွေကပြောပါတယ်။ TNLA ကတော့သိမ်းပိုက်ရရှိကြောင်း ပြီးခဲ့တဲ့နေ့အထိအတည်ပြုခြင်းမရှိသေးပါဘူး။

ရှမ်းပြည်နယ် နောင်ချို၊ တောင်ခမ်းမှာရှိတဲ့ စစ်ကောင်စီအမြှောက်တပ်စခန်း ၂ ခုကို TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့ တဲ့သောကြာနေ့မနက်က သိမ်းပိုက်ရရှိသွားပြီလို့ ဒေသခံတွေကပြောပါတယ်။ TNLA ကတော့သိမ်းပိုက်ရရှိကြောင်း ပြီးခဲ့တဲ့နေ့အထိအတည်ပြုခြင်းမရှိသေးပါဘူး။ စစ်ကောင်စီဘက်ကတော့ မေမြို့ဘက်နေ လက်နှက်ကြီးတွေနဲ့နောင်ချို့ကို ပစ်ခတ်နေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ တချိန်ထဲမှာဘဲ ကချင်ပြည်နယ် ဖားကန့်ဒေသမှာလည်း စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲတွေဖြစ်နေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို-ကိုဇော်မိုးကျော်ကပြောပြပေးပါမယ်။
##
နောင်ချိုမြို့နယ် တောင်ခမ်းမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ အမှတ် ၉၀၂ အမြှောက်တပ်စခန်းကွပ်ကဲရေးဌာနချုပ်နဲ့ အမှတ် ၃၅၄ အမြှောက်တပ်ရင်း စခန်းတွေကို TNLA နဲ့ပူးပေါင်းတပ်ဖွဲတွေ ဝိုင်းရံတိုက်ခိုက်နေတာ ၁ လကျော်ရှိပြီဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက် သောကြာနေ့မနက်ပိုင်း ၈ နာရီလောက်မှာတော့ TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီစခန်း ၂ ခုကို သိမ်းယူနိုင်ခဲ့ပြီး၊ စစ်ကောင်စီ ဘက်ကတော့ မေမြို့အနီးကနေ နောင်ချိုကိုလက်နှက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ တယ်လို့ ဒေသခံတဦးက VOA ကိုပြောဆိုခဲ့ပါတယ်။

“ ဒီမနက်ပေါ့။ ၈နာရီလောက်။ ၉၀၂ နဲ့ ၃၅၄ အကုန်လုံးရသွားပြီ။ အခုတော့ ပြင်ဦးလွင်ကလက်နက်ကြီးနဲ့ မှားထုနေတာ။ နောင်ချိုမြို့ပေါ်ကော။ ဟုတ်တယ်။ မြို့ပေါ် မနေ့တည်းကထုနေတာ၊ ကြိုကြားကြိုကြားကျနေတာ။ အခုလည်းမနက်ကလည်း ထုသေးတယ်။ ပြည်ချစ်ဘုရားနားက ပြင်ဦးလွင် ပြည်ချစ်ဘုရားနားက ဧက တသောင်းလား၊ တထောင်လား မသိဘူး။ အဲဒီကလှမ်းထုတာ။


ဒီအမြှောက်တပ်စခန်းတွေ သိမ်းယူရရှိတာမှန်ပါသလားလို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ကိုဆက်သွယ်မေးမြန်းရာမှာတော့ သိမ်းပိုက်ရရှိတယ်လို့ အတည်ပြုပြောဆိုခြင်းမရှိပါဘူး။

“ ဟုတ်ကဲ့။ ဒီနေ့တော့ တောင်ခမ်းအမြောက်တပ်ကို သိမ်းတယ်ဆိုတာ မတွေ့ရသေးဘူး။ ဟုတ်ကဲ့ အတည်ပြုနိုင်ခြင်း မရှိပါ…….။ .. ကျမဆီမှာတော့ ဒီတောင်ခမ်းကို သိမ်းတဲ့အကြောင်း သတင်းတက်လာတာတော့ မတွေ့ရသေးဘူး။ ဒီတရက်၊နှစ်ရက်အတွင်းမှာ တိုက်ပွဲသတင်းတက်လာတာ မတွေ့ရသေးဘူး။ ”

အမှတ် ၉၀၂ အမြောက်တပ်စခန်းကွပ်ကဲရေးဌာနချုပ် လက်အောက်မှာရှိတဲ့ အမြှောက်တပ်ရင်း ၃ ခုကို TNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ်လဆန်းပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ သြဂုတ်လ ၂၈ ရက်နေ့မှာတော့ အမှတ် ၂၀၆ နဲ့ ၄၀၆ အမြှောက်တပ်ရင်းစခန်း ၂ ခုကို၊ TNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းယူနိုင်ခဲ့ပြီး၊ ကျန်ရှိနေတဲ့ အမှတ် ၃၅၄ တပ်ရင်းစခန်းကို ဆက်လက်တိုက်ခိုက်နေခဲ့တာပါ။

ဒီအမြောက်တပ်စခန်းတွေဟာ ရှမ်းမြောက်နဲ့ ရှမ်းတောင် ဆက်သွယ်ရေးလမ်းကို ထိန်းချုပ်ထားသလို ပြင်ဦးလွင်မြို့ လုံခြုံရေးအတွက်လည်း အရေးပါတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေကဆိုပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်မှာတော့ သောကြာနေ့ကလည်း တိုက်ပွဲတွေဆက်လက် ပြင်းထန်ခဲ့ပါတယ်။
ကြာသပတေးနေ့ မနက်ပိုင်းက ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တဲ့နောက်၊ စစ်ကောင်စီဘက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ ဖားကန့်ဗျူဟာကုန်းကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တာပါ။

သောကြာနေ့ကတိုက်ပွဲအခြေအနေကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။
“ အနေအထားကတော့ ရဲစခန်းက ထွက်ပြေးတဲ့ စစ်သားတွေ ရွာတွေကို ဝင်ပြီးမှ မီးရှိုပြီး တွေ့တဲ့နေရာမှာ တိုက်ပွဲဖြစ်တဲ့ သဘောဖြစ်ပါတယ်။ ”

Lucky Man ဟိုတယ်ထဲမှာလည်း စစ်ကောင်စီတပ်သား ၂၀လောက်ရှိနေပြီး အဲဒီမှာလည်းတိုက်ပွဲတွေဖြစ်နေပါတယ်။ သောကြာနေ့တုန်းကတော့ ဖားကန့်ဗျူဟာကုန်းကနေလက်နှက်ကြီးတွေနဲ့ပစ်ခတ်တာရှိပေမယ့်ကြောင်းတိုက်ခိုက်မှု တသတင်းတော့မရဘူးလို့ဆိုပါတယ်။

ဖားကန့်ဒေသခံတဦးကလည်း သောကြာနေ့က ဆိုင်းတောင်တိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။

“ ဒီကနေ့လည်း တနေကုန် တိုက်ပွဲဖြစ်နေတယ်။ မနက်ကနေ စပြီး ရပ်ကွက် ၄ဖက်ကို မီးရှို့နေတာပေါ့။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက။ ဒီစစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ KIA ၊ KPDF အဖွဲ့ဝင်တွေနဲ့ အပြန်အလှန် တိုက်ပွဲ ဖြစ်နေတာပေါ့နော်။ ပြီးရင် ဖားကန့်ဗျူဟာကုန်းကနေလည်း ဆိုင်းတောင်ဘက်ကို လက်နက်ကြီး လှမ်းလှမ်းပစ် နေတာပေါ့နော်။ ဒီနေ့ကတော့လေကြောင်း မလာသေးဘူး။ မနေ့တုံးက လေကြောင်းကနေ လာပစ်သွားတာ ပေါ့နော်။ Lucky Man ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတွေက အဲဒီမှာ ရှိသေးတာပေါ့နော်။ အဲဒီမှာ ဟိုတယ်ဝန်ထမ်းတွေ ဓါးစာခံ ဖမ်းထားတော့ အဲမှာ နည်းနည်း တိုက်ရခက်နေတာပေါ့။ ”

ဒီတိုက်ပွဲအတွင်းမှာ ဒေသခံပြည်သူ အနည်းဆုံး ၁၀ဦးခန့် သေဆုံးပြီး လူနေအိမ် အများအပြား မီးလောင်ပျက်ဆီးခဲ့ ကြောင်း၊ အသေးစိတ်အခြေအနေကို စုံစမ်းဆဲဖြစ်ကြောင်း ပြောပါတယ်။ ဆိုင်းတောင်မှာဖြစ်တဲ့တိုက်ပွဲဟာ ဒီလ ၇ရက်နေ့က စတင်ခဲ့ပြီး ဒီကနေ့ဆို ရက်သတ္တ တပတ် ကြာမြင့်လာပြီ ဖြစ်ပါတယ်။