ထိုင်း မြန်မာနယ်စပ် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းနေတာမှာ လူပေါင်း ထောင်ချီ ဖမ်းဆီးထားတာပါ။ ဒီလူတွေကို နေရပ်ရင်း ပြန်ပို့နိုင်ရေးမှာ လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာ အကြပ်အတည်းလည်း ဖြစ်နိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ကိုဝင်းမင်း စုစည်းတင်ပြထားပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ထိုင်းဖက်ကိုထွက်ပြေးလာနိုင်တဲ့ နိုင်ငံခြားသား ၇၀၀၀ လောက်ထိရှိနိုင်တာကြောင့် နေရပ်ပြန်ပို့ရေး သက်ဆိုင်ရာအစိုးရတွေနဲ့ ဆက်သွယ်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို တနင်္လာနေ့က တိုက်တွန်းခဲ့တာကို The Nation သတင်းစာမှာ အင်္ဂါကဖော်ပြခဲ့ပါတယ်။
နောက်တနေ့မှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa နဲ့ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး Sun Weidong တို့ ဗီယက်နမ်မှာလုပ်တဲ့ အာဆီယံအနာဂတ်ဖိုရမ် ၂၀၂၅ မှာတွေ့ပြီး ဒီငွေလိမ်ဂိုဏ်နှိမ်နင်းရေးပေါင်းလုပ်ကြဖို့ ဆွေးနွေးခဲ့တာကို The Nation ရုပ်သံမှာ မနေ့ကပဲ ထုတ်လွှင့်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီငွေလိမ်ဂိုဏ်းကလူထောင်ချီ နေရပ်ပြန်ပို့တာမှာ အခက်အခဲကြီးနိုင်ပုံကို USIP အမေရိကန်ငြိမ်းချမ်းရေးအဖွဲ့ မြန်မာဆိုင်ရာညွှန်ကြားရေးမှုး Jason Tower က အခုလို ထောက်ပြပါတယ်။
"ပြီးခဲ့တဲ့ ရက်ပေါင်းများစွာထဲ ငွေလိမ်ဂိုဏ်းတွေကနေ လူပေါင်း ထောင်ချီအဖမ်းခံရတာကြောင့် ထိုင်းမြန်မာနယ်စပ်မှာ လူသားချင်းစာနာမှုဆိုင်ရာ ပြဿ နာကြီး တာစူနေပါတယ်။ လေလောဆယ်မှာ ဒီလူတွေကို ထိုင်းကတဆင့် သူတို့နိုင်ငံတွေကို ပြန်ပို့ပေးဖို့ ဆက်လုပ်နေပါတယ်။ နိုင်ငံပေါင်း ၃၀ နီးပါးက အဖမ်းခံထားရတဲ့ ဒီလူပေါင်း ၆၀၀၀ ကနေ ၇၀၀၀ လောက်အထိ ပြန်ပို့ပေးနိုင်ဖို့ ဒီနိုင်ငံများစွာမှာ အထူးသဖြင့် ဝေးလံတဲ့နိုင်ငံတွေမှာ ငွေကြေးနဲ့ သံတမန်အရင်းအမြစ်တွေ ဒီဒေသထဲမှာ အသင့်ရှိမနေပါဘူး။ ဒါကြောင့် ရုတ်တရက်ဖမ်းခံထားရတဲ့ ဒီလူပေါင်းများစွာအတွက် ပြန်ပို့ရေးစခန်းတွေ စနစ်တကျမရှိသေးဘဲ စားရေးနေရေး ကြီးကြီးမားမား အခက်ကြုံရနိုင်ပါတယ်။"
အခုလိုနေရပ်ပြန်ပို့ရေးမှာ ကြန့်ကြာမှုတချို့ရှိနိုင်တာကိုလည်း CDM ဗိုလ်မှုးနောင်ရိုးက ခုလိုသုံးသပ်ပြပါတယ်။
“ ဒေသတွင်း တွင်းဖိအားတွေရော၊ နိုင်ငံတကာဖိအားတွေရော ထိုင်းအစိုးရရဲ့ လုပ်ဆောင်လာမှု အခြေအနေတွေရောပေါ့၊ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ DKBA တပ်ဖွဲ့တွေအနေနဲ့လည်း သူတို့နယ်မြေအတွင်းမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို စစ်ဆေးဖော်ထုတ်ပြီးတော့ ဖမ်းဆီးရှင်းလင်းနေတာတွေကို ကျနော်တို့ ပိုပြီးတွေ့လာရတယ်။ လက်ရှိသတင်းတွေထဲမှာတော့ BGF နဲ့ DKBA ကြားမှာ လူ ၇ ထောင်လောက် သူတို့ ဖမ်းဆီးထိန်းသိမ်းထား တယ်ဆိုတဲ့သတင်းတွေတော့ ကြားရတယ်ပေါ့နော်၊ ဒီအင်အားကတော့ တရုတ်နိုင်ငံသားတွေဆိုရင်တော့ ပုံမှန်အတိုင်း ထိုင်းဖက်ကိုလွှဲပြီးတော့ တရုတ်ကို တိုက်ရိုက်ပို့တာမျိုးတွေ ဆက်လုပ်လာနိုင်တယ်ပေါ့နော်။ သို့သော် တရုတ်နိုင်ငံသားမဟုတ်တဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တခြားနိုင်ငံသားတွေဆိုရင်တော့ ဒီအင်အားက အများအပြားပေါ့၊ လူ ၇ ထောင်လောက်နီးပါးကတော့ .. ကျနော်ထင်တယ်.. ထိုင်းဖက်ကို ရောက်တဲ့အခါမှာလည်း သူတို့ စစ်ဆေးဆောင်ရွက်မှုတွေ အတိုင်းအတာတခုထိရှိနိုင်တယ်။ ပြီးတော့ ဒီအရေအတွက်ဟာ ထိုင်းအစိုးရအနေနဲ့ လည်း နှစ်ဖက်လွှဲပြောင်းပေးတာတွေ၊ စစ်ဆေးတာတွေ၊ သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့တာတွေက အချိန်အတိုင်းအတာတခုထိ ကြာနိုင်တယ်လို့ ယူဆတယ်”
ဒါ့အပြင် အခုငွေလိမ်ဂိုဏ်းနှိမ်နင်းရေး ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကနေ ထိခိုက်စေနိုင်တာကိုလည်း CDM ဗိုလ်ကြီး ဇင်ယော်က အခုလိုရှင်းပြပါတယ်။
“ယိုးဒယားနဲ့ မြန်မာစစ်တပ်နဲ့ တရုတ်နဲ့ သုံးမျိုးစပ်ပြီးတော့ လက်ဝါးချင်းရိုက်ပြီ။ ဒီကျားဖြန့်က အခုမှ ရှိတာမဟုတ်ဘူး၊ (အမေရိကန်သမ္မတ) ဒေါ်နယ်ထရမ့်တက်လာပြီးမှ ဒီကိစ္စကို ဇောင်းပေးပြီးတော့လုပ်လာတာ၊ ဟိုဖက်က မဝင်ခင် ကိုယ့်ပြဿနာကိုယ်ရှင်းတဲ့ ပုံစံမျိုးပေါ့နော်၊အဲဒီအတွက်လည်း ထိုင်းဖက်မှာက CDM တွေရော၊ တော်လှန်ရေးအတွက် ဒေါက်တိုင်တွေဖြစ်တဲ့ Supporter တွေအတော်များများကလည်း ယိုးဒယားဖက်မှာ အခြေပြုပြီးတော့ လှုပ်ရှားပြီးတော့ ပါဝင်နေကြတာပေါ့။ အဲဒီအင်အားစုတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ရော၊ တိုက်ရိုက်ရော ခြိမ်းချောက်လာနိုင်တယ်၊ ဖမ်းဆီးလာနိုင်တယ်။ ”
အခုလို မြန်မာနိုင်ငံသားတွေအပေါ်မှာပါ ထိခိုက်လာနိုင်တာကို CDM ဗိုလ်မှုးနောင်ရိုးကလည်း သဘောတူပါတယ်။
“ဒီ ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အောက်ကနေပြီးတော့ စစ်ကောင်စီအနနဲ့လည်း ကျားဖြန့်လုပ်ငန်းတွေကို ရှေ့ဆက်ပူးပေါင်းလွှဲပြောင်း ဖယ်ထုတ်ရေးတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ရင်းနဲ့ ထိုင်းရောက် တော်လှန်ရေးနဲ့ဆက်စပ်တဲ့ မြန်မာအင်အားစုတွေပေါ်မှာ သွယ်ဝိုက်ဖိ အားပေးမှုတွေလုပ်ဆောင်တာမျိုးတွေရှိလာနိုင်တယ်လို့ ယူဆတယ်၊ ဒါကြောင့်လည်းပဲ လက်ရှိမှာဆိုရင် ထိုင်းနိုင်ငံမှာ ပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးမှုတွေ၊ တင်းကျပ်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတယ်။ အဲဒီ အကျိုးဆက်အနေနဲ့လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာလည်း အာရုံစိုက်ခံလာရတာတွေ၊ တင်းတင်းကြပ်ကြပ်စစ်ဆေးတာတွေ ပိုများလာပါတယ်။ မကြာခင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အလုပ်သမားကူညီရေးအဖွဲ့တွေမှာ ဖိအားပေးပိတ်သိမ်းခံရတာမျိုးတွေ၊ အလားတူ ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေအပေါ်မှာ စစ်ဆေးဖမ်းဆီးမှု တွေကိုလည်း ဆက်တိုက်တွေ့လာရပါတယ် “
အဲ့ဒီတော့ ဒီနှိမ်နင်းမူလုပ်ငန်းတွေကြောင့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ထိခိုက်နိုင်ပုံကို မေးတာမှာ Jason Tower က အခုလို ဆက်ထောက်ပြပါတယ်။
"မြန်မာစစ်ကောင်စီ၊ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ် DKBA တို့ရဲ့ မဟာဗျူဟာကတော့ ထိုင်းဖက်က လက်ခံပို့ဆောင် ပေးနိုင်တဲ့စနစ်ကို မနိုင်မနင်းဖြစ်စေရေး ငွေလိမ်ဂိုဏ်းကနေ သတ်သတ်မှတ်မှတ် လူတွေကို ရုတ်တရက် အမြန်ဖမ်းပို့ဖို့နဲ့ မြန်မာဖက်က ဒီနှိမ်နင်းရေး တွန်းတွန်းတိုက်တိုက်ကြိုးစားလုပ်နေတာ ပုံဖော်ဖို့ ဖြစ်ပုံရပါတယ်။ ဒါပေမဲ့ လက်တွေ့မြေပြင်မှာက ဒီငွေလိမ်ဂိုဏ်းတွေ ဆက်လည်ပတ်နိုင်စေရေး တကယ်တမ်း ဒီလုပ်ငန်းတွေကို မနှိမ်နင်းပဲ အလိမ်ခံ သိမ်းသွင်းခံရတဲ့ သားကောင် တောင်ချီကိုသာ အဖမ်းပြပြီးတော့ ဒီ နှိမ်နင်းရေးလုပ်ပြနေတဲ့ပုံပေါ်အောင် ဖော်ဆောင်နေပုံရပါတယ်။"
ဒါ့အပြင် အခုတရုတ်အနေနဲ့က ဒီမြန်မာက ငွေလိမ်ဂိုဏ်းတွေ ကမ္ဘောဒီယားဖက်ကို ရွှေ့ သွားမှာ စိုးရိမ်ပြီး ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာပါ တိုးချဲ့နှိမ်နင်းဖို့ပြင်နေတယ်လို့ Jason Tower က ဆက်ပြောသွားခဲ့ပါတယ်။
Your browser doesn’t support HTML5
ကျားဖြန့် နှိမ်နင်းရေး သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု အကျိုးဆက်