ဒေါ်နယ်ထရမ့်အပေါ်တရားစွဲဆိုဖို့ ဂျော်ဂျီယာ ပြည်နယ်ဆောင်ရွက်

ရီပတ်ဘလီကင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာ သမ္မတဟောင်းထရမ့်နဲ့ သူ့လူတွေက ၂၀၂၀ ရွေးကောက်ပွဲကို ဥပဒေကြောင်းနဲ့မညီ ပယ်ဖျက်ဖို့ကြိုးစားခဲ့သလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး အထူးဂျူရီတရားသူကြီးကို တနင်္လာနေ့မှာ အစိုးရရှေ့နေတွေက စတင် တင်ပြလိုက်ပြီ ဖြစ်ပါတယ်။

ယခင် ပြည်နယ်ဒီမိုကရက် အထက်လွှတ်တော်အမတ် Jen Jordan ကို တနင်္လာနေ့မှာ ဆင့်ခေါ်ခဲ့ပြီး မိနစ် ၄၀ လောက် မေးမြန်းခဲ့ကြပါတယ်။ ပြည်နယ် ဒီမိုကရက် အောက်လွှတ်တော်အမတ် Bee Nguyen နဲ့ ပြည်နယ်အစိုးရရုံးက ထိပ်တန်းတာဝန်ရှိသူ Gabriel Sterling တို့လည်း တရားရုံးကို တနင်္လာနေ့ စောစောပိုင်းက ရောက်လာခဲ့တယ်လို့ သတင်းဌာနတွေက ဆိုကြပါတယ်။

သမ္မတဟောင်း ထရမ့်နဲ့ တခြားသူတွေက ဂျော်ဂျီယာမှာ သူတို့ ကပ်ပြီးရှုံးခဲ့ရတာ ကိုပယ်ဖျက်ပစ်ဖို့ လုပ်ဆောင်ခဲ့တာတွေကို ဖူလ်တန်ခရိုင် အစိုးရ ရှေ့နေ Fani Willis က ၂ နှစ်ခွဲကြာ စုံစမ်းစစ်ဆေးခဲ့တာပါ။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ ထရမ့် ရဲ့ ရှေ့နေ Rudy Giuliani နဲ့ တခြားသူတွေက ဂျော်ဂျီယာပြည်နယ်မှာ မဲ မသမာမှုတွေ ရှိတယ်လို့ လွှတ်တော် ကြားနာပွဲမှာ စွပ်စွဲခဲ့ပါတယ်။

ပြည်နယ်ရွေးကောက်ပွဲတွေကို တာဝန်ယူဦးဆောင်ရတဲ့ ဂျော်ဂျီယာပြည်နယ် အတွင်းရေးမှူး Brad Raffensperger နဲ့ သူ့ ရဲ့ ထိပ်တန်းအရာရှိ Gabriel Sterling တို့က အဲဒီလို မသမာမှုတွေ မရှိကြောင်း ငြင်းဆိုခဲ့ကြတာပါ။ ဒါပေမဲ့ မစ္စတာထရမ့်က ဂျော်ဂျီယာပြည်နယ်အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ခဲ့ပြီး အဲဒီတုန်း ကပြိုင်ဘက် လက်ရှိသမ္မတဘိုင်ဒင်ကို နိုင်မယ့် မဲအရေအတွက်ကိုရှာပေးဖို့ ပြောခဲ့ပါတယ်။ တကယ်လို့ စုံစမ်းစစ်ဆေးရာမှာ ဥပဒေအရ ဆက်လက်စစ်ဆေးဖို့ လုံလောက်တဲ့ အထောက်အထားတွေရှိတယ်လို့ ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့ရင် သမ္မတဟောင်း ထရမ့်ဟာ နောက်ထပ် အမှုတမှုနဲ့ စွဲဆိုတာကို ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဒေါ်နယ်ထရမ့်အပေါ်တရားစွဲဆိုဖို့ ဂျော်ဂျီယာ ပြည်နယ်ဆောင်ရွက်