အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး ရာထူးက ထွက်မည်

အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဝန်ကြီး Kirstjen Nielsen

အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဝန်ကြီး Kirstjen Nielsen

Trump အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်ရေးရာမူဝါဒတွေကို ကြီးကြပ်ခဲ့သူ အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဝန်ကြီး Kirstjen Nielsen ဒီသီတင်းပတ်မှာ ရာထူးကနေ နုတ်ထွက်မှာဖြစ်တာကြောင့် Trump အစိုးရအဖွဲ့ထဲက ရာထူးအကြီးဆုံးနဲ့ သြဇာအလွှမ်းမိုးနိုင်ဆုံး နေရာတခု လစ်လပ်သွားမှာ ဖြစ်ပါတယ်။

အကောက်ခွန်ဌာနအကြီးအကဲ Kevin McAleenan က အမိမြေလုံခြုံရေး ယာယီဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မယ့်အကြောင်း Trump က ပြောပါတယ်။ ဒါဟာ အမိမြေလုံခြုံရေးဌာနအတွင်း ခေါင်းဆောင် ရာထူးအပြောင်းအလဲတွေထဲက တခုဖြစ်ပြီး တချို့ဝန်ထမ်းတွေလည်း ဒီရက်ပိုင်းမှာ ရာထူးက နုတ်ထွက်ကြပါတယ်။

အမေရိကန် အထူးလုံခြုံရေးအကြီးအကဲ Randolph “Tex” Alles ရာထူးကနေ နုတ်ထွက်မယ့်အကြောင်း အိမ်ဖြူတော်က တနင်္လာနေ့တုန်းက ကြေညာခဲ့ပါတယ်။လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဦးစီးဌာန ICE ရဲ့ ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ဖို့ Ronald Vitiello ကို သမ္မတ Trump က ထောက်ခံထားခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သူ့ထောက်ခံချက်ကို ပြန်ရုပ်သိမ်းကြောင်း Trump က ကြေညာလိုက်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနအကြီးအကဲ L. Francis Cissna ကလည်း မကြာခင်မှာ ရာထူးက နုတ်ထွက်မယ့်အကြောင်း New York Times သတင်းစာက တနင်္လာနေ့တုန်းက ဖော်ပြထားပေမယ့် ဒါကို အိမ်ဖြူတော်ကရော၊ လူဝင်မှုကြီးကြပ်ရေးဌာနကပါ အတည်ပြုထားတာ မရှိသေးပါဘူး။

Your browser doesn’t support HTML5

အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး ရာထူးက ထွက်မည်