သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အမိမြေလုံခြုံရေးဝန်ကြီး Nielsen ရာထူးက နုတ်ထွက် 


Kirstjen Nielsen
Kirstjen Nielsen

အမေရိကန် အမိမြေလုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး Kirstjen Nielsen ရာထူးက နုတ်ထွက်သွားပါတယ်။ အမေရိကန် တောင်ပိုင်း နယ်စပ်တလျှောက် အခြေအနေနဲ့ ပတ်သက်ပြီး လူထုနဲ့ သမ္မတ အိမ်ဖြူတော်တို့ရဲ့ အကြီးအကျယ် ဖိအားပေးမှုတွေနဲ့ ၁၆ လတာ ရာထူးတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အခုလို ရာထူးကနုတ်ထွက်သွားတာပါ။

ခေတ်သစ်အတွက် အမိမြေလုံခြုံရေး ပြုပြင်ပြောင်းလဲမှုမှာ တိုးတက်မှုတွေ ရှိခဲ့ပေမယ့် အခုအချိန်က ရာထူးက ဆင်းချိန်တန်ပြီလို့ ဆုံးဖြတ်ကြောင်း Nielsen က သမ္မတထံ ပေးပို့ခဲ့တဲ့ နုတ်ထွက်စာမှာ ရေးသားခဲ့ပါတယ်။ ဘာကြောင့် ရာထူးက နုတ်ထွက်ရသလဲ ဆိုတဲ့ အတိအကျကို မရေးပါဘူး။

ဒါပေမယ့်လည်း နိုင်ငံတွင်း ငြင်းခုံစရာတွေ ဖြစ်စေတဲ့ ၊ အမေရိကန် နယ်စပ်တွေ အပြည့်အ၀ လုံခြုံမှု ရှိရေး ဌာနရဲ့ လုပ်နိုင်စွမ်းကို အဟန့်အတား ဖြစ်စေတဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်ရေး တရားရုံးနဲ့ လွှတ်တော်ရဲ့ ထောက်ခံပေးမှုကို နောက်တက်လာမယ့် ဝန်ကြီး ရရှိဖို့ မျှော်လင့်ကြောင်း ရေးသားခဲ့ပါတယ်။

နိုင်ငံ အနေနဲ့ရော၊ အမိမြေ လုံခြုံရေး ဝန်ကြီးဌာနက အမျိုးသား၊ အမျိုးသမီးတွေ အနေနဲ့ သူတို့ရဲ့ ကျရာ တာဝန်ကို ကျေပြွန်စေဖို့ အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ အားလုံးရရှိရမှာ ဖြစ်တယ်လို့လည်း နုတ်ထွက်စာမှာ Nielsen က ရေးသားခဲ့ပါတယ်။ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှု အရေးကို ကိုင်တွယ်တဲ့နေရာမှာ လွှတ်တော်နဲ့ တရားရုံးတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ Nielsen က ရှုမြင်ပြီး စိတ်ပျက်ခဲ့တာလို့ သုံးသပ်သူတွေက ပြောပါတယ်။

ဗဟိုအမေရိက နိုင်ငံတွေကနေ ဆင်းရဲမွဲတေမှုနဲ့ ရာဇဝတ်မှုတွေကနေ လွတ်မြောက်ရေး သိန်းနဲ့ချီတဲ့ ရွှေ့ပြောင်းအခြေချသူတွေ အမေရိကန်ကို ဝင်ရောက်နိုင်ရေး မျှော်လင့်နေကြတဲ့ မက္ကဆီကိုနဲ့ အမေရိကန် နယ်စပ်အခြေအနေတွေ အပေါ် သမ္မတ Donald Trump ဘက်ကလည်း စိတ်ပျက်လက်ပျက်ဖြစ်နေကြောင်း ပြောဆိုထားတာပါ။ အမိမြေလုံခြုံရေး ဝန်ကြီး Nielsen ရာထူးက နုတ်ထွက်သွားပြီး သူမရဲ့ တာဝန်ထမ်းဆောင်ခဲ့မှု အတွက် ကျေးဇူးတင်ကြောင်း သမ္မတ Trump က တနင်္ဂနွေနေ့မှာ တွစ်တာလူမှုကွန်ယက်မှာ ရေးသားပါတယ်။ လက်ရှိ အကောက်ခွန်နဲ့ နယ်စပ် ကာကွယ်ရေး ကော်မရှင်နာ Kevin McAleenan က အမိမြေလုံခြုံရေး ဝန်ကြီးအဖြစ် ယာယီ တာဝန်ထမ်းဆောင်မယ်လို့လည်း သမ္မတက ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG