သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နဲ့ လွှတ်တော် ခေါင်းဆောင်တွေ ထပ်ဆွေးနွေးဖို့လိုအပ်


အမေရိကန်အစိုးရ ယန္တရား တစိတ်တပိုင်း ရပ်ဆိုင်းထားရတာ ၁၂ ရက်မြောက်နေ့ ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာ သမ္မတ Donald Trump ဟာ လွှတ်တော် ခေါင်းဆောင်တွေနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အစိုးရ ယန္တရား ပြန်လည် ပတ်နိုင်ရေးအတွက် သောကြာနေ့မှာ ထပ်မံတွေ့ဆုံမှာ ဖြစ်ကြောင်း ပြောပါတယ်။

သမ္မတ Donald Trump ရဲ့ နယ်စပ်တံတိုင်း တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး သမ္မတနဲ့ လွှတ်တော် အမတ်တွေကြား အခြေအတင် အငြင်းပွါးမှုတွေ ဖြစ်ပွါးရာကနေ သမ္မတ တောင်းထားတဲ့ အမေရိကန်ဒေါ်လာ ၅ ဘီလျံ ဘတ်ဂျက်ငွေဆိုင်ရာ အတည်ပြုချက် မရနိုင်တဲ့ အတွက် အစိုးရယန္တရား တစိတ်တပိုင်း ရပ်ဆိုင်းထားရတာ ဖြစ်ပါတယ်။

သမ္မတ Trump ရဲ့ သမ္မတ သက်တမ်းနောက်ထပ် ၂ နှစ်ကာလမှာ ဒီမိုကရက်ပါတီက အောက်လွှတ်တော်မှာ အများစုနေရာကို ကြာသပတေးနေ့မှာ စတင် ထိန်းချုပ်တော့မှာ ဖြစ်ပါတယ်။ အခုလို ဒီမိုကရက်တွေ အောက်လွှတ်တော်ကို မထိန်းချုပ်ခင် ဗုဒ္ဓဟူးနေ့မှာပဲ သမ္မတ Trump က ထိပ်တန်း ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် အမတ်တွေကို နယ်စပ် လုံခြုံရေးကိစ္စ ဆွေးနွေးဖို့ အိမ်ဖြူတော်ကို ဖိတ်ကြားခဲ့တာပါ။

ဒီတွေ့ဆုံမှုဟာ တိုးတက်မှု အနဲငယ်ရခဲ့ပေမယ့် ထပ်မံညှိနှိုင်းဖို့ လိုနေပြီး သောကြာနေ့မှာ နောက်တကြိမ် တွေ့ဆုံရင်တော့ ပြေလည်ကောင်း ပြေလည်နိုင်တယ်လို့ ကာလီဖိုးနီယား ပြည်နယ် ရီပတ်ဘလစ်ကန်အမတ် Kevin McCarthy ကပြောပါတယ်။ သမ္မတ Trump တောင်းထားတဲ့ မက်ဆီကို နယ်စပ်တံတိုင်း ကာရံဖို့ရံပုံငွေနဲ့ ပတ်သက်ပြီး ဒီမိုကရက်တွေ ဘက်က စေ့စပ်ညှိနှိုင်းဖို့ မလိုလားတာ တွေ့ရတဲ့အတွက် သူ့အနေနဲ့ စိတ်ပျက်မိကြောင်း ပြောပါတယ်။

အောက်လွှတ်တော်ဥက္ကဌ ဖြစ်လာမယ့် ကာလီဖိုးနီးယား ပြည်နယ်က ဒီမိုကရက်အမတ် အများစု ခေါင်းဆောင် Nancy Pelosi ကတော့ ၁၁၆ ကြိမ်မြောက် လွှတ်တော် စတင်တဲ့အခါ အစိုးယန္တရား ပြန်လည်ပတ်နိုင်ရေး အတွက် ရေးဆွဲထားတဲ့မူကြမ်းကို တင်သွင်းဖို့ ရှိကြောင်း သမ္မတနဲ့ တွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒီမူကြမ်းဟာ ရီပတ်ဘလစ်ကန်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီး ဖြစ်တဲ့အတိုင်း သမ္မတနဲ့ ရီပတ်ဘလစ်ကန်တို့ဘက်က လက်မခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။

အခုလို အစိုးရယန္တရား တစိတ်တပိုင်း ရပ်ဆိုင်းထားရတာဟာ နယ်စပ်တလျှောက် လုံခြုံရေး အတွက် တံတိုင်းကာရံဖို့ လိုအပ်တဲ့ ရံပုံငွေကို ဒီမိုကရက်တွေက ပေးဖို့ ငြင်းဆို နေတာကြောင့်လို့ သမ္မတ Trump က အပြစ်တင်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာပဲ အစောပိုင်းတုန်းက သမ္မတ Trump က ကက်ဘိနက်ဝန်ကြီးများ အစည်းအဝေး ခေါ်ယူခဲ့ပြီး အမေရိကန်နဲ့ မက္ကဆီကိုကြား နယ်စပ်တံတိုင်း ကာရံရေး အတွက် ရံပုံငွေချထားပေးဖို့ ကိစ္စကို ထပ်ပြီး ဖိအားပေးခဲ့တာပါ။ ဒါ့အပြင် အခု ရရှိထားတဲ့ မက်ဆီကိုနဲ့ ကုန်သွယ်ရေး သဘောတူညီချက် အသစ်ကနေ မက်ဆီကိုက တံတိုင်း အတွက် တည်ဆောက် ပေးနေတယ်လို့ အထောက်အထား တစုံတရာ မပြပဲ ပြောကြားခဲ့ ပါတယ်။

လူပေါင်း သန်း ၃၀ - ၃၅ သန်းလောက်ဟာ အမေရိကန်နိုင်ငံထဲ တရားမဝင် ဝင်ရောက် နေကြောင်းနဲ့ အမေရိကန် တောင်ဘက်နယ်စပ် တလျှောက်မှာ ဇကာလို စစ်ပေးဖို့ အကာအရံတွေ လိုအပ်တယ်လို့လည်း ပြောပါတယ်။

အမိမြေလုံခြုံရေး အကြီးအကဲ Kirstjen Nielsen ကလည်း အမေရိကန်နိုင်ငံထဲမှာ နေနိုင်အောင် ကျိုးစားတဲ့ အနေနဲ့ အယောင်ဆောင် မိသားစု တွေက နိုင်ငံတွင်းဝင် လာနေကြကြောင်း သမ္မတနဲ့ အစည်းအဝေး တက်ရောက်လာတဲ့ ဝန်ကြီးများကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG