မြောက်အတ္တလန္တိတ်စာချုပ် (NATO) အဖွဲ့ဝင် နိုင်ငံတခုခု တိုက်ခိုက်ခံခဲ့ရရင်၊ အမေရိကန်အနေနဲ့ အကာအကွယ် ပေးသင့်၊ မသင့် ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်း Donald Trump က မေးခွန်းထုတ်လိုက်ပါတယ်။ ဒါဟာဆိုရင် ဒုတိယကမ္ဘာစစ် အဆုံးသတ်ချိန် ကတည်းက အမေရိကန်နဲ့ ဥရောပစစ်ရေး မဟာမိတ်အကြား ထားရှိခဲ့တဲ့ အခြေခံမူတခုလည်း ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်အတွက် ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်းအဖြစ် အမေရိကန် ပြည်သူတွေကို ကြာသပတေးနေ့ညမှာ မိန့်ခွန်းပြောကြားဖို့ ရှိနေချိန်မှာပဲ - သူ့အနေနဲ့ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရရင်၊ တခြား နေတိုးအဖွဲ့ဝင် ၂၇ နိုင်ငံထဲက တနိုင်ငံကို တိုက်ခိုက်ခံရရင် တုံ့ပြန်ဆောင်ရွက်ရမယ့် သတ်မှတ်ချက်တွေ ပြဌာန်းမယ့်အကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာကို ပြောဆိုခဲ့တာပါ။
ပထမဆုံးကတော့ အမေရိကန် ပြည်ထောင်စုက ကာကွယ်ရေးအသုံးစရိတ်အတွက် အကြီးအကျယ် ကျခံနေသလောက်၊ ကျန်အဖွဲ့ဝင်နိုင်ငံတွေက NATO အဖွဲ့ရဲ့ ကုန်ကျစရိတ်တွေကို ညီညီမျှမျှ ထည့်ဝင်နေသလား ဆိုတာကို ကြည့်မှာဖြစ်ပြီး၊ အမေရိကန် အနေနဲ့ အကုန်အကျမခံနိုင်တော့ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။
NATO အတွင်းရေးမှူးချုပ် ယန်း စတိုတင်ဘဂ် ကတော့ မဟာမိတ်တွေကြား သွေးစည်းညီညွတ်မှုဟာ NATO အဖွဲ့ရဲ့ အဓိကတန်ဘိုး ဖြစ်တဲ့အကြောင်း ချက်ခြင်းလိုလို တုံ့ပြန်ခဲ့ပါတယ်။ တဦးနဲ့တဦး အကာအကွယ် ပေးခဲ့ကြတာကို အာဖဂန်နိုင်ငံမှာ အမေရိကန် တပ်ဖွဲ့တွေနဲ့ ပုခုံးချင်းယှဉ်ပြီး ဥရောပတိုက်သားတွေ၊ ကနေဒါနိုင်ငံသားတွေနဲ့ တခြားမဟာမိတ်တပ်ဖွဲ့ဝင် ထောင်သောင်းချီပြီး တာဝန်ယူကြတာကို ကြည့်ရင် တွေ့နိုင်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဥရောပတိုက်ရဲ့ ငြိမ်းချမ်းရေးဟာ အမေရိကန်အတွက် အရေးကြီးတယ် ဆိုတာကိုလည်း ကမ္ဘာစစ်ကြီး ၂ ခုက သက်သေပြခဲ့ပြီး ဖြစ်တဲ့အကြောင်း ပြောခဲ့တာပါ။
အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest ကတော့ NATO မဟာမိတ်တွေအပေါ် အခိုင်အမာ ဆက်လက် လက်တွဲသွားဖို့ သန္ဓိဌာန်အခိုင်အမာ ချထားဆဲ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5
NATO အတွက် ကန်တာဝန်ယူမှု Donald Trump မေးခွန်းထုတ်