သမ္မတ Trump စင်ကာပူ ဆိုက်ရောက်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ဖို့ အမေရိကန် သမ္မတ Donald Trump စကာၤပူနိုင်ငံကို ဒီကနေ့ ရောက်ရှိနေပါပြီ။ ဆွေးနွေးပွဲ အပေါ်မှာ ယုံကြည်မှု အပြည့်ရှိကြောင်းလည်း အမေရိကန် သမ္မတ Trump က ပြောဆိုထားတာပါ။

အမေရိကန် သမ္မတရဲ့ Air Force One လေယာဉ်ပေါ်က ဆင်းလာတဲ့ သမ္မတ Trump ကို စကာၤပူ နိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnam က ကြိုဆိုခဲ့ပါတယ်။ အင်္ဂါနေ့ ကျင်းပမယ့် ဆွေးနွေးပွဲ အတွက် သူ့အနေနဲ့ နိုင်ငံ တခုဆီကို သွားမယ်လို့ ခရီးစဉ် မစခင်မှာ သမ္မတက ပြောခဲ့တာပါ။ ကနေဒါနိုင်ငံမှာလုပ်တဲ့ စက်မှုထိပ်သီးအစည်းအဝေးကနေ အာရှကို မသွားခင် ဗွီအိုအေက မေးမြန်းရာမှာတော့ မြောက်ကိုရီယားခေါင်းဆောင်နဲ့ တွေ့ဆုံမယ့် အစည်းအဝေးအတွက် သူမှာ ယုံကြည်မှု အပြည့်အဝရှိထားတယ်လို့ သမ္မတ Trump က ဖြေဆိုသွားပါတယ်။

မြောက်ကိုရီယားခေါင်းဆောင် Kim Jong Un အနေနဲ့လည်း သူ့လူထုအတွက် ကြီးကြီးမားမားတခုခု လုပ်ပေးလိုတယ်လို့ သမ္မတ Trump က သူ့အမြင်ကို ပြောဆိုသလို၊ ဒီတခေါက် အမေရိကန်နဲ့သံတမန်ရေး ဆက်ဆံရေးဟာ ရတောင့်ရခဲ တကယ်အခွင့်အလမ်းကောင်းဖြစ်ပြီး ဒီအခြေအနေမျိုး နောက်ထပ် ဘယ်တော့မှ ရတော့မှာမဟုတ်ဘူးဆိုတာကိုလည်း သမတ Trump က သတိပေးခဲ့ပါတယ်။ မြောက်ကိုရီယားအနေနဲ့ သူ့ရဲ့နူကလီယားလက်နက်ထုတ်လုပ်ရေးနဲ့ တာဝေးပစ်ဒုံးလက်နက်အစီအစဉ်တွေအားလုံးကို ဖျက်သိမ်းမယ်ဆိုတာကို မြောက်ကိုရီယားခါင်းဆောင် Kim Jong Un ဆီကနေ ကြိုတင် ကတိကဝတ်ရရှိထားတယ်လို့ သမ္မတ Trump နဲ့ သူ့အစိုးရအဖွဲ့ဝင်တွေက ပြောနေပါတယ်။ ဒီလို တိုးတက်မှုတွေကနေတဆင့် ငြိမ်းချမ်းရေးစာချုပ်တခု ထွက်လာနိုင်ပြီး၊ နှစ်ပေါင်း ၇၀ နီးပါးကြာ ကိုရီယားကျွန်းဆွယ်ပေါ်က စစ်မက် ကို တရားဝင် အဆုံးသတ်နိုင်မှာဖြစ်ပါတယ်။

စီးပွားရေးသမားတဦးလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံအခြေခံအရ၊ မြောက်ကိုရီယားခေါင်းဆောင်နဲ့ တွေ့တွေ့ချင်း အဖြေတခုခု ရမရ ဆိုတာကို သူ သိနိုင်မှာပါလို့လည်း ပြောပါတယ်။ ရလဒ်ကောင်းမထွက်နိုင်ဘူးဆိုတာကို ခံစားမိရင်တော့ သူ့အတွက်ရော Kim အတွက်ရော အချိန်ကုန်ခံမနေချင်ဘူးလို့ပြောပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာမျက်နှာစာမှာ တွေ့ရနည်းတဲ့ Kim နဲ့ပတ်သက်လို့ အချက်အလက်တွေမပြည့်မစုံရှိတယ်ဆိုတာကိုတော့ သမတ Trump က ဝန်ခံပြောပါတယ်။ ဘယ်လိုပင်ဖြစ်စေ သူတို့နှစ်ဦးစလုံးဟာ အပြုသဘောဆောင်တဲ့ စိတ်ထားတွေနဲ့ အလုပ်လုပ်နေတာဖြစ်ပြီး၊ အားလုံး ပြင်ပြင်ဆင်ဆင်ရှိထားတယ်လို့လည်း သမတ Trump က အာရှခရီးမထွက်ခင်လေး သတင်းထောက်တွေကို ပြောသွားပါတယ်။ မြောက်ကိုရီယားရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေနဲ့ပတ်သက်လို့ ပြောဆိုဖို့ရှိမရှိ ဗွီအိုအေက မေးမြန်းခဲ့ရာမှာတော့ ကိစ္စရပ်အားလုံးကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဖြေကြားသွားပါတယ်။

Your browser doesn’t support HTML5

သမ္မတ Trump စင်ကာပူ ဆိုက်ရောက်