အီရန်နိုင်ငံမှာ ထိန်းသိမ်းထားတဲ့ အမေရိကန်နိုင်ငံသားတွေကို ပြန်မလွှတ်ပေးဘူူးဆိုရင်၊ ဆိုးဝါးတွေအကျိုးဆက်တွေကိုရင်ဆိုင်ရမယ့်၊ ပိတ်ဆို့မှုအသစ်တွေနဲ့ အရေးယူဖို့ အသင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ အမေရိကန်သမ္မတ Donald Trump က သတိပေးလိုက်ပါတယ်။
အီရန်နိုင်ငံမှာ မတရားအကျဉ်းချခံနေရတဲ့ အမေရိကန်နိုင်ငံသားအားလုံး အိမ်ပြန်လာနိုင်ကြဖို့ လွှတ်ပေးဖို့သမ္မတ Trump ကတောင်းဆိုလိုက်ပြီး၊ တကယ်လို့ လွှတ်မပေးခဲ့ဘူးဆိုရင်တော့၊ နောက်ထပ်ပိတ်ဆို့မှုအသစ်တွေနဲ့ အရေးယူရလိမ့်မယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာဖေါ်ပြလိုက်ပါတယ်။ အထိန်းသိမ်းခံ အမေရိကန်နိုင်ငံသားတွေရဲ့ ကျန်းမာရေး၊ နေရေးထိုင်ရေး အစအစ အဆင်ပြေအောင်လုပ်ပေးဖို့ အီရန်နိုင်ငံအနေနဲ့ တာဝန်ယူရမှာဖြစ်တယ်လို့လည်း တောင်းဆိုလိုက်ပါတယ်။
အီရန်အစိုးရကနေ တရုတ်နွယ်ဖွားအမေရိကန်နိုင်ငံသား Xiyue Wang ကို လျှို့ဝှက်ထောက်လှမ်းရေးလုပ်တယ်လို့ စွပ်စွဲပြီး ဒီသီတင်းပတ်အတွင်းမှာ၊ ထောင် ၁၀ နှစ်ချမှတ်ခဲ့ပြီးနောက်၊ အိမ်ဖြူတော်က အခုလိုတုန့်ပြန်လိုက်တာပါ။ အငြိမ်းစားအမေရိကန်တရားဥပဒေစိုးမိုးရေးအရာရှိ Robert Levinson ဆိုသူဟာလည်း လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက အီရန်ခရီးစဉ်အတွင်းပျောက်ဆုံးခဲ့တာနဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် Siamak Namazi နဲ့ သူ့ဖခင် Baquer တို့ကို အီရန်မှာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာဖေါ်ပြလိုက်ပါတယ်။ ဓါးစာခံတွေကို ဖမ်းထားတာတွေဆက်လုပ်နေတဲ့ နိုင်ငံတွေအားလုံးကို အပြစ်တင်ရှုတ်ချကြောင်းလည်း ဖေါ်ပြထားပါတယ်။
Your browser doesn’t support HTML5
အီရန်မှာဖမ်းထားတဲ့ အမေရိကန်နိုင်ငံသားတွေ လွှတ်မပေးရင် ထပ်ပြီးပိတ်ဆို့ဒဏ်ခတ်မယ်လို့ ကန်သမ္မတသတိပေး