မြန်မာနိုင်ငံ မြဝတီမြို့အနီး အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေမှာ လူကုန်ကူးခံရပြီး အတင်းအကြပ်ခိုင်းစေခံခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံသား ၂၇ ယောက်ကို ကယ်ဆယ်ပြီး နေရပ်ပြန်ပို့လိုက်တဲ့အကြောင်း သီရိလင်္ကာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သီရိလင်္ကာသံရုံးတွေနဲ့ သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ပ အလုပ်အကိုင်၊ ခရီးသွားလုပ်ငန်းဌာနက တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ခဲ့သလို၊ ကုလသမဂ္ဂရဲ့ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း IOM က ကူညီပေးခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ အခု အတင်းအကြပ်ခိုင်းစေခံခဲ့ရသူတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ကတည်းက ကယ်တင်ခဲ့တာပါ။
ကိုလမ်ဘိုမြို့တော် Bandaranaike လေဆိပ်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ရောက်လာတဲ့ သီရိလင်္ကာနိုင်ငံသားတွေကို သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတွေ ကြိုဆိုခဲ့ပါတယ်။ အွန်လိုင်းငွေကြေး လိမ်ညာတဲ့ လုပ်ငန်းတွေမှာ ပိတ်မိနေတဲ့ နောက်ထပ်ကျန်နေသေးတဲ့ သီရိလင်္ကာနိုင်ငံသားတွေ လွတ်မြောက်ရေး ဆက်ပြီး ကြိုးပမ်းသွားမယ့်အကြောင်း ကြေညာချက်မှာ ဖေါ်ပြပေမဲ့ အရေအတွက် အတိအကျတော့ ဖေါ်ပြခြင်းမရှိပါဘူး။
မြန်မာနိုင်ငံနယ်စပ်ဒေသက ကျားဖြန့်ခေါ် အွန်လိုင်းငွေကြေးလိမ်ညာတဲ့ လုပ်ငန်းတွေမှာ ကမ္ဘာတဝှမ်းက သိန်းနဲ့ချီတဲ့လူတွေ လခကောင်းကောင်းရမယ်ဆိုပြီး လှည့်ဖျားခံရသလို၊ အတင်းအကြပ်အလုပ်ခိုင်းခံနေရတဲ့အကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။