နေပြည်တော်အနီး လေ့ကျင်ရေး စစ်ရဟတ်ယာဉ်ပျက်ကျ ၂ ဦးသေ

ယခင်မှတ်တမ်းရုပ်ပုံ | ၂၀၁၆ ခုနှစ်က မြန်မာစစ်ရဟတ်ယာဉ်တစ်စီး ရာသီဥတုဆိုးရွားမှုကြောင့် ဒိုက်ဦးမြို့နယ်အတွင်း ပျက်ကျခဲ့ပုံ

မြန်မာစစ်တပ်က ရဟတ်ယာဉ်တစင်း နေပြည်တော် လယ်ဝေးမြို့နားမှာ ဒီနေ့ ပျက်ကျပြီး အရာရှိ ၂ ဦး သေဆုံးသွားတယ်လို့ စစ်ကောင်စီက ပြောလိုက်ပါတယ်။ မြန်မာစစ်တပ်ရဲ့ လေ့ကျင့်ရေး စစ်ရဟတ်ယာဉ်ဟာ နေပြည်တော်ကနေ မိတ္ထီလာကိုအသွား စက်ချို့ယွင်းပြီး လယ်ဝေးမြို့နားမှာ ပျက်ကျသွားတာ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြုပါတယ်။

“လေ့ကျင့်ရေး ရဟတ်ယာဉ်တစင်း နေပြည်တော်ကနေ မိတ္ထီလာကို ပျံသန်းစဉ်မှာ ဒီနေ့ မနက် ၁၁ နာရီခွဲ ကျော်ကျော်လောက်မှာ စက်ချို့ယွင်းပြီးတော့ရဟတ်ယာဉ်ပျက်ကျသွားတာရှိတယ်။ နေပြည်တော် လယ်ဝေး၊ လယ်တာကြီး ကျေးရွာရဲ့ အနောက်ဘက် ၅ မိုင်ခန့်မှာ ပျက်ကျသွားတယ်။ လေယာဉ်တော့ ပျက်စီးသွားတာရှိတယ်။ အဲဒီမှာ လေယာဉ်မောင်းနည်းပြ အရာရှိ တယောက်နဲ့ သင်တန်းသားတဦး သေဆုံးသွားတာရှိပါတယ်။ အရာရှိအဆင့်တွေပါပဲ၊ မောင်းတဲ့သူတွေပါ။”

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာလည်း မြန်မာစစ်တပ်က စစ်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေဟာ ပျက်ကျတာတွေကြောင့် သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တုန်းကလည်း မြန်မာစစ်တပ် တပ်မတော်လေက Beech 1900 D အမျိုးအစား စစ်လေယာဉ်ဟာ လယ်ဝေးမြို့နားမှာ စက်ချို့ယွင်းပြီး ပျက်ကျတာကြောင့် လေယာဉ်ပေါ်မှာပါတဲ့သူ ၅ ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင်၂၀၁၈ အောက်တိုဘာလတုန်းကလည်း မကွေးတိုင်းစစ်ဌာနချုပ်က F7 တိုက်လေယာဉ် ၂ စင်းဟာ လေကျင့်မှုတွေလုပ်ပြီး မကွေးလေတပ်စခန်းကို အပြန်မှာတော့ စက်ချို့ယွင်းပြီး ပျက်ကျလို့ လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီလ ၃ ရက်နေ့ကတော့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်နားမှာ စစ်ကူလာပို့တဲ့ စစ်ရဟတ်ယာဉ်ကို PDF ပူးပေါင်းတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့လည်း NUG အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

နေပြည်တော်အနီး လေ့ကျင်ရေး စစ်ရဟတ်ယာဉ်ပျက်ကျ ၂ ဦးသေ