ယူကရိန်းကို တိုက်လေယာဥ်တွေပေးဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထူထောင်ကြမယ်လို့ ယူကေဝန်ကြီးချုပ် Rishi Sunak နဲ့ နယ်သာလန်ဝန်ကြီးချုပ် မာ့က် ရပ်တာ (Mark Rutte) တို့က အင်္ဂါနေ့က ကတိပြုလိုက်ကြပါတယ်။
“လေ့ကျင့်ပေးတာကနေ F16 ပို့ဆောင်တဲ့အထိ ယူကရိန်းရဲ့ လေကြောင်းတိုက်ပွဲ စွမ်းဆောင်ရည်မြှင့်ပေးဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တရပ်ကို ထူထောင်ကြမယ်လို့ ဝန်ကြီးချုပ် ၂ ဦး သဘောတူကြကြောင်း ဆူးနက်ရဲ့ရုံးက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အိုက်စလင်န်မှာလုပ်နေတဲ့ ဥရောပကောင်စီ ထိပ်သီး အစည်းအဝေးမှာ သူတို့ ၂ ယောက် တွေ့ဆုံကြပြီးတဲ့နောက် ခုလို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
တနင်္လာနေ့က Sunak ရဲ့အိမ်ကို သွားရောက်လည်ပတ်ပြီးတဲ့နောက် တိုက်လေယာဥ် ပူးပေါင်းဆောင်ရွက်ရေးအတွက် အကောင်းမြင်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelensky က ပြောပါတယ်။
ခုအထိတော့ ဥရောပမဟာမိတ်တွေက ယူကရိန်းကို ခေတ်မီ ဂျက်တိုက်လေယာက်တွေပေးဖို့ နှောင့်နှေးနေကြဆဲပါ။ ဒါပေမဲ့ ယူကရိန်းတိုက်လေယာဥ်မှူးတွေကို လေ့ကျင့်ပေးမယ့်ကျောင်းကို ဖွင့်ပေးဖို့ ယူကေကပြင်ဆင်နေကြောင်း ဝန်ကြီးချုပ် Sunak က တနင်္လာနေ့မှာ ပြောပါတယ်။ ပြင်သစ်ကလည်း အလားတူ ကျောင်းဖွင့်ဖို့ ကမ်းလှမ်းထားပေမဲ့ ယူကရိန်းကို တိုက်လေယာဥ်တွေ ပို့ပေးဖို့ကိုတော့ မဖြစ်နိုင်ကြောင်း ပြောထားတာပါ။
နေတိုးမှာ ယူကရိန်းရဲ့ ရသင့်ရထိုက်တဲ့နေရာရှိတာကို ဝန်ကြီးချုပ် က ယုံကြည်ကြောင်း ထပ်မံ ပြောဆိုပြီး အနာဂတ်တိုက်ခိုက်မှုတွေ ကိုပါတားဆီပေးနိုင်တဲ့ အာမခံချက်ပေးနိုင်မယ့် ရေရှည်လုံခြုံရေးဆိုင်ရာအကူအညီပေးဖို့ မဟာမိတ်တွေအတွက် အရေးကြီးတာကိုလည်း ခေါင်းဆောင်တွေကသဘောတူကြကြောင်း Sunak ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
Your browser doesn’t support HTML5