ယူကရိန်းစစ်အောင်နိုင်ရေးအစီအစဉ် သမ္မတနှစ်ဦး အိမ်ဖြူတော်မှာတွေ့ဆုံ

အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (ယာ) က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇဲလ်လဲန်းစကီး (ဝဲ) ကို သမ္မတအိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံစဥ်။ (စက်တင်ဘာ ၂၆၊ ၂၀၂၄)

သမ္မတဂျိုးဘိုင်ဒန်ဟာ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကို ကြာသပတေးနေ့မှာ သမ္မတအိမ်ဖြူမှာ လက်ခံတွေ့ဆုံပါတယ်။ ယူကရိန်းသမ္မတဟာ ရွေးကောက်ပွဲကို ဝင်နှောက်သူလို့ ရီပတ်ဘလစ်ကင် ပါတီဝင်တွေက စွပ်စွဲနေချိန်မှာပဲ သူက ရုရှားကျူးကျော်စစ် အောင်နိုင်ရေးဆိုင်ရာ သူ့အစီစဉ်တွေကို သမ္မတဘိုင်ဒန်နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

သမ္မတ Zelenskyy ဟာ သမ္မတဘိုင်ဒန်နဲ့တွေ့ဆုံအပြီးမှာ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်းအဖြစ်တင်သွင်းထားတဲ့ ဒုသမ္မတ Kamala Harris နဲ့ သီးခြားတွေ့ဆုံခဲ့ပါတယ်။

ဒါပေမယ့် ရီပတ်ဘလစ်ကင်ပါတီက သမ္မတလောင်းအဖြစ်တင်သွင်းထားတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံမယ့်အစီစဉ်ရှိမရှိ ဘာမှကြေညာ မထားပါဘူး။ ဒီစစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းဖို့ငြင်းတဲ့သူကို အမေရိကန်အစိုးရက ဒေါ်လာ ဘီလီယံနဲ့ချီ ဆက်ပြီးပေးနေတယ်လို့ သမ္မတဟောင်းထရမ့်ကဝေဖန်ခဲ့ပြီး Zelenskyy ဟာ စစ်ပွဲတာရှည်အောင်လုပ်နေသူလို့ ပြောကြားခဲ့တဲ့ အပြင် ခုရက်ပိုင်းအတွင်းမှာပဲ သူ့ကို ဝေဖန်မှုတွေ တိုးလုပ်လာခဲ့တာပါ။

တချိန်တည်းမှာပဲ နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အပြင်းအထန်ယှဉ်ပြိုင်ရမယ့် ပြည်နယ်တခုဖြစ်တဲ့ Pennsylvania ပြည်နယ်မှာရှိတဲ့ လက်နက်စက်ရုံကို တနင်္လာနေ့က သမ္မတ Zelenskyy သွားရောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်ဆိုင်ရာ ယူကရိန်း သံအမတ်ကြီး အိုစာနာ မာကာရိုဗာ (Oksana Markarova) ကို အလုပ်ဖြုတ်ပစ်ဖို့ သမ္မတZelenskyy ကို ရီပတ်ဘလစ်ကင်ပါတီ အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson က စာပေးပို့ တောင်းဆိုခဲ့ပါတယ်။

ယူကရိန်းအတွက် ခဲယမ်းမီးကျောက်တွေထုတ်လုပ်နေတဲ့ စက်ရုံကို ယူကရိန်းသမ္မတသွားတာဟာ ဒီမိုကရက်တွေအတွက် အထောက်အကူရဖို့် လုပ်ဆောင်မှုတခုဖြစ်ပြီး ဒါဟာ အမေရိကန်ရွေးကောက်ပွဲကို ကြားဝင်နှောက်တာဖြစ်ကြောင်းလည်း ပြောပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းစစ်အောင်နိုင်ရေးအစီအစဉ် သမ္မတနှစ်ဦး အိမ်ဖြူတော်မှာတွေ့ဆုံ