လက်ဘနွန်တောင်ပိုင်းက ကုလငြိမ်းချမ်းရေးထိန်းတပ်တွေကို ဘေးလွတ်ရာဖယ်ရှားပေးဖို့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကို တောင်းဆိုလိုက်ပါတယ်။ ဒါဟာ ဟက်ဇ်ဘိုလာတွေက အစ္စရေးနဲ့တိုက်ခိုက်ရာမှာ ကုလငြိမ်းချမ်းရေး ထိန်းတပ်သားတွေကို လူသားဒိုင်းသဖွယ် အသုံးချနိုင်တာကြောင့် ဖြစ်ကြောင်းလည်း ပြောပါတယ်။
ကြာသပတေးနေ့ကစပြီး ကုလတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရစေတဲ့ဖြစ်ရပ် ၃ ခု ကြုံခဲ့ရတဲ့အတွက် ကုလတပ်သားတွေကိုခေါ်ထုတ်ဖို့ အချိန်ရောက်နေပြီလို့ အစ္စရေးဝန်ကြီးချုပ်က ပြောတာဖြစ်ပါတယ်။ ဟက်ဇ်ဘိုလာတွေ အခိုင်အမာခြေကုပ်ယူထားတဲ့ တိုက်ပွဲဖြစ်ပွါးနေတဲ့နေရာကနေ သူတို့ကို ဖယ်မထုတ်ဖူးဆိုရင် ဟက်ဇ်ဘိုလာတွေက သူတို့ကို ဓါးစာခံအဖြစ်ဖမ်းဆီးနိုင်တာကြောင့် သူတို့ အတွက်ရော အစ္စရေးတပ်သားတွေအတွက်ပါ အန္တရာယ်ရှိတယ်လို့လည်း ပြောပါတယ်။ ဒါကို ကာကွယ်နိုင်ဖို့ တိုက်ပွဲဖြစ်နေတဲ့ ဇုံထဲကနေထွက်ခွါခိုင်းဖို့ ဝန်ကြီးချုပ် Netanyahu က သူ့ကက်ဘိနက်အဖွဲ့ အစည်းဝေးမလုပ်ခင် ပြောခဲ့တာဖြစ်ပါတယ်။
လက်ဘနွန်က UNIFIL ကုလတပ်ဖွဲ့ ပြောခွင့်ရကတော့ ဖယ်ရှားပေးမှာမဟုတ်ကြောင်း စနေနေ့က ပြောခဲ့ပြီး ဒါဟာ တညီတညွတ်တည်းဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ဖြစ်သလို ကုလအလံကို ဒီဒေသတွင်း ဆက်လက်လွှင့်ထူထားရေးဟာ အရေးကြီးကြောင်းနဲ့ ဒီဒေသထဲကထွက်မသွားမှ ဒီမှာ ဖြစ်နေတာ တွေကို ကုလ-လုံခြုံရေးကောင်စီကို သူတို့ တင်ပြနိုင်မှာဖြစ်ကြောင်း ပြောပါတယ်။
ကုလအဖွဲ့အနေနဲ့ ၂ နိုင်ငံကိုခြားထားတဲ့ အပြာရောင်လိုင်းကနေ ၅ ကီလိုမီတာအထိ ကုလတပ်ဖွဲ့က နောက်ဆုတ်ပေးဖို့ Netanyahu က တောင်းဆိုပေမယ့် ကုလအဖွဲ့ကငြင်းဆိုခဲ့ပြီး ဒါဟာ လက်ဘနွန်တောင်ပိုင်းမှာ သူတို့အဖွဲ့ရှိနေတဲ့ နေရာ ၂၉ နေရာပါဝင်နေတယ်လို့ ပြောပါတယ်။ နိုင်ငံစုံက တပ်သား ၉,၅၀၀ လောက်ပါဝင်တဲ့ ကုလငြိမ်းချမ်းရေးထိန်းတပ်ဖွဲ့ ကို ၁၉၇၈ ခုနှစ် လက်ဘနွန်ကို အစ္စရေးဝင်ရောက် တိုက်ခိုက်ချိန်ကတည်းက ချထားလာခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5