မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာသမားတွေအပေါ် ဖိနှိပ် ချုပ်ချယ်မှုတွေ ဆက်လက် ပြုလုပ်နေတဲ့အပေါ် ကုလသမဂ္ဂက ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။ အထူးသဖြင့်တော့ အာဏာပိုင်တွေကဘက် တိကျ ပြတ်သားမှုမရှိတဲ့ ဥပဒေတွေ ထုတ်ပြန်ပြီး သတင်းသမားတွေအပေါ် တည်ဆဲ ဥပဒေမျိုးစုံနဲ့ ဖမ်းဆီးအရေးယူ တရားစွဲ ထောင်ချနေတာလိုမျိုး လွတ်လပ်စွာ သတင်းရယူခွင့်ကို ခြိမ်းခြောက် အန္တရာယ် ပြုနေတာတွေ ပြန်သုံးသပ်ဖို့ လူ့အခွင့်အရေး ကော်မရှင်နာ မဟာမင်းကြီး Michelle Bachelet က ဂျနီဗာမြို့မှာ အင်္ဂါနေ့က ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် နှိပ်ကွပ်ခံရတဲ့ အစီရင်ခံစာကို သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ ကလည်း ကြိုဆိုလိုက်ပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးပါမယ်။
သတင်းမီဒီယာသမားတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ အကြောက်တရားနဲ့ ဘက်လိုက်မှု မရှိဘဲ လွတ်လပ်စွာ သတင်းယူလို့ မရနိုင်အောင် နည်းမျိုးစုံနဲ့ ထိန်းချုပ်မှုတွေ ရှိနေသလို တည်ဆဲ ဥပဒေတွေကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ မကြာသေးခင် ကာလတွေအတွင်း ဖမ်းဆီး အရေးယူခံခဲ့ရတဲ့ သတင်းထောက်တွေရဲ့ အခြေအနေတွေကို ဥပမာပေးပြီး အင်္ဂါနေ့က ထုတ်ပြန်တဲ့ မြန်မာ သတင်းမီဒီယာ လွတ်လပ်ခွင့် ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတဝှမ်း တိကျ ပြတ်သားမှုမရှိတဲ့ ဥပဒေတွေ ထုတ်ပြန်ပြီး နှိပ်ကွက်နေကြောင်း OHCHR လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet တင်သွင်းခဲ့တဲ့ အစီရင်ခံစာကို လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ ပြောခွင့်ရအမျိုးသမီး Ravina Shamdasani က ဂျနီဗာမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ ကချင်ရှမ်းနဲ့ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတဝှမ်းမှာ သီးခြားလွတ်လပ်တဲ့ သတင်းမီဒီယာအပေါ် ထိန်းချုပ်နိုင်ဖို့ တိကျ ပြတ်သားခြင်းမရှိတဲ့ ဥပဒေတွေကို အသုံးပြုနေတာ တွေ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာမှာ သတင်းထောက်တွေ အနေနဲ့ ကြောက်ရွံ့ခြင်းကင်းစွာ၊ ဒါမှမဟုတ်၊ မျက်နှာလိုက်မှုကင်းစွာနဲ့ သတင်းဖော်ပြနိုင်ဖို့က မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။”
ရိုက်တာ သတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာလည်း နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီး ထိန်းသိမ်းခံရပြီးတဲ့နောက် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့တဲ့အတွက် စက်တင်ဘာလ ၃ ရက်နေ့မှာ ထောင်ဒဏ် (၇) နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
အာဏာပိုင်တွေဘက်က ဥပဒေတွေ အမျိုးမျိုးသုံးပြီး ဖမ်းဆီး အရေးယူနေတဲ့ အခြေအနေတွေကိုလည်း Ravina Shamdasani က ပြောပါတယ်။
“ရိုက်တာ သတင်းထောက် ၂ ဦးတို့ကို ပြီးခဲ့တဲ့ သီတင်းပတ်က တရားရုံးကနေ ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဟာ မြန်မာနိုင်ငံမှာ သတင်း မီဒီယာအပေါ် ဥပဒေအရ နှောက်ယှက် ဟန့်တားတဲ့ လူသိထင်ရှားတဲ့ ဥပမာတရပ် ဖြစ်တဲ့အပြင် မယုံနိုင်လောက်စရာဘဲ ဖြစ်ပါတယ်။ အစီရင်ခံစာမှာ သတင်းထောက်တွေနဲ့ သူတို့ကို သတင်းပေးသူတွေအပေါ် ဖမ်းဆီး အရေးယူတဲ့ တခြား ဥပမာတွေကိုလည်း အသေးစိတ် ဖော်ပြထားတာကို ကြည့်ခြင်းအားဖြင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် နှိပ်ကွပ်နေမှုကို ပြသရာ ရောက်ပါတယ်။ ဆက်သွယ်ရေး ဥပဒေတွေ၊ နိုင်ငံတော်လျှို့ဝှက် ဥပဒေတွေ၊ တရားမဝင် စည်းရုံးမှု ဥပဒေတွေ၊ အီလက်ထရွန်းနစ် ဥပဒေတွေ၊ သွင်းကုန် ထုတ်ကုန် ဥပဒေတွေနဲ့ လေကြောင်းပျံသန်းမှုဆိုင်ရာ ဥပဒေတွေကို သုံးပြီး သတင်းထောက်တွေကို ရုံးတင် တရားစွဲဆိုခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။”
ဒါ့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ကိုက်ညီခြင်းမရှိတဲ့ ခေတ်မမှီတော့တဲ့ ဥပဒေတွေကို ပြန်လည် သုံးသပ်ပေးဖို့လည်း Ravina Shamdasani က တောင်းဆိုလိုက်ပါတယ်။
“လက်နက်ကိုင်အုပ်စု ထိန်းချုပ်တဲ့ဒေသကို သွားရောက်တဲ့အတွက် သတင်းထောက်တွေ ထောင်ချခံရသလို ပဋိပက္ခဖြစ်ပွားရာ ဒေသတွေအကြောင်း သူတို့ကို သတင်းပေးသူတွေလည်း ထောင်ချခြင်း ခံခဲ့ရပါတယ်။ Facebook မှာတင်လို့ အသရေဖျက်မှုနဲ့ တရားစွဲဆိုခြင်း ခံရတာလည်း ရှိပါတယ်။ ဒီလိုမျိုး ပတ်ဝန်းကျင် အနေအထားမျိုးဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့ လုံး၀ လိုက်လျော ညီထွေခြင်း မရှိပါဘူး။ ဒါကြောင့်မို့ အာဏာပိုင်တွေအနေနဲ့ သတင်းထောက်တွေကို တရားဥပဒေအရ အရေးယူ နှောက်ယှက်နေတာတွေကို ရပ်တန့်ဖို့ တောင်းဆိုပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးရာမှာ နှိပ်ကွပ်တဲ့၊ မပြတ်သားတဲ့ ဥပဒေတွေကိုလည်း စတင်ပြီး ပြန်လည် သုံးသပ်ဖို့ တိုက်တွန်းပါတယ်။”
ဒါ့အပြင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းကိုသွားတဲ့ သတင်းထောက်တွေကို လိုက်ပို့ခဲ့တဲ့ ကချင် သင်းထောက်ဆရာ ၂ ဦးကို မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ မိသားစုတွေနဲ့ ဆက်သွယ်ခွင့်မပြုဘဲ စစ်တပ်က ကာလရှည်ကြာစွာ ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါတယ်။
အလားတူဘဲ ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ TNLA တအာင်း ပလောဝ်ဒေသမှာ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို သတင်းသွားယူခဲ့ကြတဲ့ သတင်းထောက် ၃ ဦးဟာလည်း မတရားအသင်းနဲ့ သွယ်မှုနဲ့ ၂၀၁၇ ခုနှစ် ဇွန်လအတွင်း ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပါတယ်။
Myanmar Now အွန်လိုင်းသတင်း အယ်ဒီတာ ကိုဆွေဝင်းဟာလည်း အစွန်းရောက် အမျိုးသားရေးကိစ္စတွေ ဦးဆောင် လှုပ်ရှားနေတဲ့ ဦးဝီရသူကို Facebook ပေါ်မှာ ဝေဖန် ရေးသားခဲ့တဲ့အတွက် အီလက်ထရွန်းနစ်ဥပဒေနဲ့ ၂၀၁၇ ခုနှစ် မတ်လမှာ တရားစွဲခံခဲ့ရပါတယ်။
၂၀၁၇ ခုနှစ်အတွင်းမှာဘဲ နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦးကို မှတ်ပုံတင်မထားတဲ့ ဒရုန်းယာဉ်နဲ့ ရိုက်ကူးခဲ့တဲ့ တူရကီ ရုပ်သံ သတင်းထောက်တွေနဲ့ မြန်မာဝန်ထမ်းတွေကို ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့တဲ့ သွင်းကုန်-ထုတ်ကုန် ဥပဒေနဲ့ တရားစွဲခဲ့ပါတယ်။
CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က အာရှရေးရာ ညွန်ကြားရေးမှူး Steve Butler ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး အေဂျင်စီရဲ့ ကြေညာချက်ကို ကြိုဆိုကြောင်း ပြောပါတယ်။
“မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာ လွတ်လပ်ခွင့်အရေး ဝေဖန်၊ ပြောဆိုမှုတွေ အားလုံးကို ကျနော်တို့အဖွဲ့က ကြိုဆိုပါတယ်။ မြန်မာနိုင်ငံထဲက အခြေအနေတွေဟာ သိသိသာသာကို ဆိုးရွားလာနေပါတယ်။ အထူးသဖြင့်တော့ ရိုက်တာ သတင်းထောက် ၂ ဦးကို ပြစ်ဒဏ် စီရင်လိုက်တဲ့ကိစ္စက ပိုပြီး ဆိုးရွားသွားစေပါတယ်။ ဒါကြောင့် အခုလို ကုလသမဂ္ဂ လူ့အခွင့်အရေးအေဂျင်စီရဲ့ ကြေညာချက်မျိုးကို ကျနော်တို့က ကြိုဆိုပါတယ်။ ဒီကြေညာချက်ဟာလည်း ကျနော်တို့အဖွဲ့က တွေ့ရှိထားတဲ့အချက်အလက်တွေနဲ့ တူညီနေပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ သတင်းထောက်တွေ လွတ်လပ်စွာ သတင်းယူခွင့်ပြုဖို့အတွက် ကျနော်တို့ နှစ်အတန်ကြာကတည်းက တောင်းဆိုနေခဲ့တာပါ။”
အခုထုတ်ပြန်တဲ့ အစီရင်ခံစာဟာ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ တင်ပြလိုတဲ့ သတင်းမီဒီယာတွေအတွက် ဘယ်လောက် အန္တရာယ် များတယ်ဆိုတဲ့ အခြေအနေကို ထင်ရှားစွာ ပြသထားတဲ့ အစီရင်ခံစာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၁၇ ခုနှစ် တနှစ်ထဲမှာတင် သတင်းထောက် ၂၀ အပြစ်ပေး အရေးယူခံခဲ့ရကြောင်း RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့အချက်ကို ကိုးကားပြီး Ravian Shamdasani က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5