ရိုဟင်ဂျာဒုက္ခသည်အရေး လူ့အခွင့်အရေးဆိုင်ရာပူးပေါင်းဖို့လိုအပ်

ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်း လုံခြုံစိတ်ချစွာပြန်လာနိုင်ရေး မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ MOUလက်မှတ်ရေးထိုး ပူးပေါင်း ဆောင်ရွက်နေတာဟာ အပြုသဘောဆောင်တဲ့ အပေါင်းလက္ခဏာဆောင်ပေမဲ့လို့ ဒီ့ထက်ပိုပြီး လက်တွေ့ကျတဲ့ လုပ်ရပ်တွေနဲ့ သက်သေပြဖို့လိုတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဒီကနေ့ တနင်္လာနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေဘက်က မြန်မာ့အရေး တင်ပြဆွေးနွေးကြမယ့် တံခါးပိတ်အစည်းအဝေးကျင်းပမယ့်အချိန် တိုက်တွန်းလိုက်တာပါ။ ကုလနဲ့ မြန်မာအစိုးရကြား ရခိုင်အရေး ဆောင်ရွက်မှုတွေအပေါ်မှာတော့ ဒေသခံ တိုင်းရင်းသားတွေအရေး ပါဝင်ရဲ့လားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ တနင်္လာနေ့မှာတော့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးကျင်းပမှာဖြစ်ပြီး ကုလအဖွဲ့အစည်းတွေဘက်က မြန်မာအရေး တင်ပြဆွေးနွေးကြမှာဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ မြန်မာအစိုးရနဲ့ ကုလအဖွဲ့အစည်းတွေ သဘောတူလက်မှတ်ရေးထိုးပြီးကတည်းကစလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေး လုပ်ငန်းတွေ ကုလသမဂ္ဂအပါအဝင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပူးပေါင်းပြီး ပိုအရှိန်အဟုန်မြင့် ဆောင်ရွက်နေပြီဖြစ်ပါတယ်လို့ ပြောဆိုထားတာပါ။

ဒါပေမဲ့လို့ ရခိုင်အရေး နိုင်ငံတကာအကြံပေးအဖွဲ့ဝင်တဦး ဒီရက်ပိုင်းအတွင်း နှုတ်ထွက်သွားတာမျိုးနဲ့ ကုလစုံစမ်းစစ်ဆေးရေးမှူးယန်ဟီးလီအပေါ် ပြည်ဝင်ခွင့်ပိတ်ပင်ကန့်သတ်မှုလိုမျိုးလုပ်ရပ်တွေက စိုးရိမ်မကင်းဖြစ်စရာ မေးခွန်းထုတ်စရာဖြစ်နေတာမို့ လက်တွေ့ကျတဲ့လုပ်ရပ်တွေနဲ့ သက်သေပြဖို့လိုတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက တိုက်တွန်းလိုက်ပါတယ်။

"ထိုင်းရဲ့ ဒုဝန်ကြီး ကော်မရှင်ကနေ နုတ်ထွက်သွားတဲ့ သဘောမျိုးရှိတယ်။ ကုလသမဂ္ဂအပါ ဒါကို အနုတ်သဘောအရ သူတို့အနေနဲ့ မြင်ကောင်းမြင်လိမ့်မယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ အားနည်းတယ်လို့ သူတို့ သတ်မှတ်နိုင်တယ်။ အဲဒါက ကျနော်တို့အတွက် လက်ရှိအခြေအနေကတော့ သိပ်တော့မကောင်းဘူး။ ဒါပေမယ့် အဲဒီအပေါ်မှာအခြေခံပြီး ဘယ်လိုလုပ်သင့်သလဲ တခြားဘယ်လိုမျိုးနည်းတွေနဲ့ အစားထိုးပြီးလုပ်သင့်သလဲ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အရေး ဘယ်လိုလုပ်သင့်သလဲဆိုတာ ရှေ့ကိုသွားဖို့အတွက် အဖြေထွက်လာမှာဖြစ်တယ်ခင်ဗျ။"

ကုလလုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ်နဲ့ပတ်သက်ပြီး အစီရင်ခံ တင်ပြမှာဖြစ်သလို ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာအစိုးရနဲ့ MoU နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားတဲ့ အခြေအနေတွေကို ကုလအဖွဲ့တွေဘက်က ဒီအစည်းအဝေးမှာ တင်ပြကြမှာဖြစ်ပါတယ်။

လတ်တလော မြန်မာအစိုးရနဲ့ ကုလတို့ကြား အစိုးရရုံးစိုက်ရာနေပြည်တော်မှာလည်း ကုလသမဂ္ဂဘက်က ကုလအခြေစိုက်ရုံးဖွင့်လှစ်ပြီး ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ပိုပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှုတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပေမဲ့လို့ မြေပြင်ပေါ်မှာ လက်တွေ့ကျကျ လေ့လာစုံစမ်းနိုင်မယ့် နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို လွတ်လပ်စွာ ဝင်ရောက်ခွင့်ပေးတာလိုမျိုး ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်လို့လည်း ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

"UN နဲ့ MOU ပေါင်းပြီးတော့ ရုံးဖွင့်တယ်ဆိုတာကတော့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ရုံးကို ဖွင့်တာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ရှိရင် ဒီလိုပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ နည်းနည်းလေး နောက်ကျတာတွေ့ရတယ်။ အခုအချိန်အထိ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးအရာရှိ Ms. YangHee Lee ကိုဝင်ခွင့်မပေးသေးတာတွေတွေ့နေရတယ်။ အဲဒီတော့ တဖက်မှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်မှုက တိုးတက်မှုရှိတယ်။ ဒါပေမယ့် ဒီတခုတည်းနဲ့ မရဘူး ကုလသမဂ္ဂမှာက မတူညီသောလုပ်ပိုင်ခွင့်တွေရှိပါတယ်။ တဖက်မှာ ကျနော်တို့ တိုင်းပြည်မှာဖြစ်နေတာက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဖြစ်နေတယ် စိုးရိမ်မှုတွေဖြစ်နေတယ်။ ဒါကို ကမ္ဘာက အာရုံစိုက်တဲ့ခါမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်တင်မကပဲနဲ့ လူ့အခွင့်အရေးယန္တယားတွေရဲ့ တာဝန်ရှိသူ စုံစမ်းစစ်ဆေးရေးအရာရှိ လိုလူမျိုးတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ထပ်ပြီးတော့ လမ်းဖွင့်ပေးရင် ပိုမိုအားကောင်းမယ်လို့ ကျနော် ယုံကြည်ပါတယ်။"

ရခိုင်ပြည်နယ် ရခိုင်အမျိုးသားပါတီက ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ဒေါ်ခင်စောဝေကတော့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဘက်က ရခိုင်အရေး အထူးအလေးထားဆောင်ရွက်ပေးနေတယ်ဆိုပေမဲ့လို့ ဒေသခံတွေရဲ့ အရေးကို တကယ်လုပ်ပေးနေသလားဆိုတာ ဒေသခံတွေဘက်က သံသယရှိကြတယ်လို့ပြောပြပါတယ်။ ကုလအနေနဲ့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ အမှန်တကယ်ဆောင်ရွက်လိုတယ်ဆိုရင် ပြည်သူကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်တယ် ကုလရဲ့ လုပ်ငန်းစဉ်တွေဟာပွင့်လင်းမြင်သာမှုရှိသင့်တယ်လို့ ထောက်ပြပါတယ်။

"ကျမတို့ အခုနေထိုင်တဲ့ ဒေသခံတိုင်းရင်းသားတွေက ကုလသမဂ္ဂကိုလည်း အယုံအကြည်မရှိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကုလသမဂ္ဂ တဖတ်သက် ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ မြန်မာနိုင်ငံက တဖက်ကို ခိုလုံ ထွက်ပြေးသွားတဲ့ လူမျိုးတွေကိုပဲ ကူညီနေတဲ့သဘောကိုပဲ ဆောင်နေတဲ့အတွက် သူတို့တွေက လုံးဝ ကုလသမဂ္ဂအကူအညီမျိုးကို သူတို့ မျှော်မှန်းတာလည်း မရှိပါဘူး။ သူတို့ နေရာမှာ အေးအေးချမ်းချမ်း လုပ်စားချင်တဲ့ စိတ်တွေပဲရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ ဘယ်လိုပဲ ကူညီကူညီ ကျမတို့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှုတွေက ပိုပြီးတော့ အရေးကြီးပါတယ်။ နောက်တခါ ဒေသခံ မြေပြင်အခြေအနေတွေကို နားလည်တဲ့ ဥပမာ ကျမတို့လို လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာလည်း အများကြီးရှိပါတယ်။ ဒေသခံတွေ အသံတွေကို ကျမတို့က ပိုပြီးနားလည်ပါတယ်။ အဲဒီအတွက် ကျမတို့က သူတို့ကိုယ်စား အခုရောက်ရှိနေတဲ့ UN တို့ အစိုးရတို့နဲ့ ပူးပေါင်းပြီးတော့ လုပ်ရင်တော့ ပိုပြီးအောင်မြင်လိမ့်မယ်လို့ ပြောချင်ပါတယ်။"

ဒီကနေ့ကျင်းပမယ့် လုံခြုံ ရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာတော့ ကုလအဖွဲ့အစည်းအသီးသီးက ရိုဟင်ဂျာဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့ သူတို့ဆောင်ရွက်ချက်တွေကို လုံခြုံရေးကောင်စီကို ပြန်လည်အစီရင်ခံဖို့ရှိပြီး၊ ကာယကံရှင်နိုင်ငံတွေဖြစ်တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကတော့ တတ်ရောက်ခွင့်ရမှာမဟုတ်ပါဘူး။ မြန်မာအစိုးရဖက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို လက်မခံပေမယ့်လို့၊ ဒီ ဒုက္ခသည်တွေနေရပ်ပြန်ရေးကိစ္စမှာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဂတိပြုထားပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာဒုက္ခသည်အရေး လူ့အခွင့်အရေးဆိုင်ရာပူးပေါင်းဖို့လိုအပ်