မြန်မာပဋိပက္ခအတွင်း အရပ်သားတွေကို ကာကွယ်ကူညီဖို့ ကုလတိုက်တွန်း 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ Stéphane Dujarric

မြန်မာနိုင်ငံတွင်းပဋိပက္ခတွေမှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ တိုက်ခိုက်မှုတွေရပ်စဲကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က စစ်တပ်အာဏာသိမ်း သုံးနှစ်ပြည့်မှာ ထုတ်ပြန်ပြောဆိုပါတယ်။

"မြန်မာနိုင်ငံတွင်းပဋိပက္ခတွေမှာ အရပ်သားတွေကို ဆိုးဆိုးဝါးဝါးထိခိုက်နေပြီး အရပ်ဘက်အုပ်ချုပ်ရေးပြန်ဖြစ်လာဖို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတရပ် အရေးတကြီးလိုအပ်နေတယ်" - လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ Stéphane Dujarric က ပြောဆိုသွားတာပါ။

စစ်တပ်အာဏာသိမ်းသုံးနှစ်ပြည့်မှာပဲ အရေးပေါ်အုပ်ချုပ်ရေးကာလကို စစ်ကောင်စီက နောက်ထပ် ၆ လ တိုးလိုက်တဲ့နောက် မြန်မာနိုင်ငံရေးဖြစ်ထွန်းမှုတွေအတွက် ကုလသမဂ္ဂအနေနဲ့ စိုးရိမ်မကင်းရှိကြောင်းလည်း ပြောခွင့်ရသူက ပြောခဲ့ပါတယ်။ အခုကြုံနေရတဲ့ အကျပ်အတည်းကြီးအတွက် အားလုံးပါဝင်တဲ့ အဖြေထုတ်ရာမှာ မြန်မာလူထုအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူ့အခွင့်အရေးရပိုင်ခွင့်တွေ ရှိထားဖို့လိုတယ်လို့လည်း အတွင်းရေးမှူးချုပ် ပြောခွင့်ရသူက ပြောပါတယ်။

အာဏာမသိမ်းခင်က လူသားချင်းစာနာမှု အရေးပေါ်လိုအပ်ချက်ဟာ လူဦးရေတသန်းပဲရှိရာကနေ အခုနှစ်အတွင်းတော့ စုစုပေါင်းလူဦးရေရဲ့ သုံးပုံတပုံ လူပေါင်း ၁၈.၆ သန်း လောက် လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ကုလသမဂ္ဂထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒီအတွက် ကုလသမဂ္ဂနဲ့ လက်တွဲဖက်အဖွဲ့အစည်းတွေအတွက် လူသားချင်းစာနာမှုလုပ်ငန်းတွေ အနှောင့်အယှက်မရှိ ခွင့်ပြုပေးဖို့ လိုနေတယ်လို့လည်း‌ ထောက်ပြထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကတော့ နိုင်ငံတကာကလူသားချင်းစာနာကူညီမှုတွေ ပဋိပက္ခအတွင်းက မြန်မာလူထုထံကို မရရှိနိုင်ဘဲဖြစ်နေတယ်လို့ ဗွီအိုအေကို ပြောထားပါတယ်။