ယန်ဟီးလီ ဘင်္ဂလား ရိုဟင်ဂျာဒုက္ခသည်စခန်း သွားမည်

ယန်ဟီးလီ ရခိုင်ပြည်နယ် ခရီးစဉ် သတင်းဓာတ်ပုံ။ (United Nations Information Centre Yangon)

မြန်မာဘက်ကထွက်ပြေးလာကြတယ်လို့ဆိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရှိနေတဲ့ Bangladesh နိုင်ငံ Cox’s Bazar ဒေသကို မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Yanghee Lee ရှေ့သီတင်းပါတ်မှာ သွားရောက်မှာဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး OHCHR ရဲ့ ထုတ်ပြန်ချက်အရ Ms. Yanghee Lee ဟာဖေဖော်ဝါရီလ ၂၀ ရက်ကနေ ၂၃ ရက်နေ့အထိ ရိုဟင်ဂျာတွေ ခိုလှုံနေကြတဲ့ နေရာတွေဆီ သွားရောက်လေ့လာမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့ OHCHR ကထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ရိုဟင်ဂျာတွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကိုယ်တိုင်လေ့လာဖို့ သွားရောက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄ - ၅ လအတွင်းမြန်မာဖက်က ထွက်ပြေးလာကြသူတွေရှိတဲ့နေရာတွေကိုသွားပြီး သူတို့ရဲ့အခြေအနေနဲ့ ဘယ်လိုအခြေအနေကြောင့် ခုလို ထွက်ပြေးလာရသလဲဆိုတာကို အဓိကစုံစမ်းသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထိခိုက်နစ်နာနေတဲ့ လူ့အဖွဲ့အစည်းတွေကို ကိုယ်တိုင်သွားလေ့လာတာက သူတို့ရဲ့ မြန်မာနိုင်ငံတွင်းကလူ့အခွင့်အရေးအခြေအနေတွေကို ပိုပြီးနားလည် သဘောပေါက်အောင် အထောက်အကူ ဖြစ်မယ်လို့ Ms. Yanghee Lee ကပြောထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေး ရပ်ဆိုင်းလိုက်တဲ့အပေါ် ကြိုဆိုတယ်လို့လည်း ကြေညာချက် ထဲမှာ ပြောထားပါတယ်။

ဇန်နဝါရီ လဆန်းတုန်းကလည်း Ms. Yanghee Lee ဟာ မြန်မာနိုင်ငံကို ၅ ကြိမ်မြောက် ခရီးစဉ်အဖြစ် ၁၂ ရက်ကြာ သွားရောက်ခဲ့ပါသေးတယ်။ သီးခြားသတင်းကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက် ကရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် ယာယီပိတ်ထားတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တော အမှတ် (၁) ဝင်/ ထွက် စခန်းကို ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ယန်ဟီးလီ ဘင်္ဂလား ရိုဟင်ဂျာဒုက္ခသည်စခန်း သွားမည်