အထောက်အထားမဲ့ မြန်မာ ၃၀ နီးပါး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

အထောက်အထားမဲ့ မြန်မာတွေ ထိုင်းမှာဖမ်းဆီးခံရ (သြဂုတ် ၂၃၊ ၂၀၂၃)

ထိုင်းနိုင်ငံ အယုဒ္ဓယ၊ ရနောင်းနဲ့ တာ့ခ် ခရိုင်တွေထဲမှာ ဒီရက်ပိုင်းအတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေ များလာသလို၊ ဖမ်းဆီးခံရမှုတွေလည်း ပိုစိပ်လာတဲ့အကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ အယုဒ္ဓယ၊ ရနောင်း နဲ့ တာ့ခ် ခရိုင်တွေမှာ ဒီရက်ပိုင်း စစ်ဆေးရေးဂိတ်တွေကို ဖြတ်တဲ့အချိန် တရားမဝင် အထောက်အထားမဲ့ မြန်မာ ၃၀ နီးပါး အဖမ်းခံရကြောင်း အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဦးမိုးကြိုးက ဗွီအိုအေကို ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာ သက်ဆိုင်ရာနယ်မြေ လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးမှုကြောင့် တရားမဝင် အထောက်အထားမဲ့ မြန်မာလုပ်သား ၂၇ ယောက်က ပြည်နယ် ၃ ခုမှာ အဖမ်းခံရပါတယ်။ အယုဒ္ဓယ၊ ရနောင်း နဲ့ တာ့ခ် ခရိုင်၊ မဲဆောက်မြို့နယ်တွေမှာ ဖမ်းမိကြောင်း သက်ဆိုင်ရာ နယ်မြေလုံခြုံရေး တပ်ဖွဲ့တွေက ထုတ်ပြန် ထားပါတယ်။

အယုဒ္ဓယမှာ ဖမ်းမိသူ အများစုကတော့ ထိုင်း−မြန်မာ နယ်စပ် မြဝတီ−မဲဆောက် တောလမ်းကနေတဆင့် လာကြသူတွေ ဖြစ်ပြီး လူကုန်ကူးသူတွေက အခကြေးငွေ ယူပြီး သူတို့ကို ခေါ်လာကြတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

"ပထမအသုတ် ကတော့ ထိုင်းနိုင်ငံ အလယ်ပိုင်း အယုဒ္ဓယခရိုင်၊ ပါချီမြို့နယ်ထဲမှာ မိတာပါ။ စစ်ဆေးရေး ဂိတ်တွေကို ဖြတ်သန်း သွားလာနေတဲ့ တိုယိုတာ ပစ်ကပ် ကားငယ်က ပုံမှန်ထက် လေးနေတယ်လို့ မသင်္ကာတာနဲ့ စစ်ဆေး မေးမြန်းရာကနေ တရားမဝင် မြန်မာ ၁၄ ယောက်ကို ဖမ်းမိတာပါ။ ထိုင်းယာဉ်မောင်းကိုလည်း ဖမ်းမိသလို သူတို့ဟာ ပွဲစားကို ဘတ်ငွေ တစ်သောင်းခွဲ ပေးပြီး ဘန်ကောက်နဲ့ အနီးတဝိုက်မှာ အလုပ်လုပ်ဖို့ အတွက် လာခဲ့ကြတာ ဖြစ်ကြောင်း၊ သူတို့လာတာကတော့ မြဝတီ−မဲဆောက် တောလမ်းကနေ လာခဲ့ကြတယ် ဆိုတဲ့အကြောင်း ထွက်ဆိုကြပါတယ်။"

အလားတူ ရနောင်းနဲ့ တာခ့် ခရိုင်တွေထဲမှာလည်း ဒီရက်ပိုင်း မြန်မာ ၁၀ ယောက်ကျော် ဖမ်းမိခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေ ပိုမို ဆိုးရွားလာတာနဲ့အမျှ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်သူတွေ ပိုများလာနေသလို၊ လူကုန်ကူးခံရတဲ့ ဖြစ်ရပ်တွေလည်း သိသိသာသာ ပိုဆိုးလာနေတာပါ။

လူကုန်ကူးခံရသူတွေကို သယ်ဆောင်လာတဲ့ကားတွေဟာ ထိုင်းစစ်ဆေးရေး ဂိတ်တွေမှာ မရပ်ဘဲ ထွက်ပြေးမောင်းနှင်တာ၊ ရှောင်ကွင်း သွားလာတာတွေကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပြီး ကားပေါ်ပါလာတဲ့ မြန်မာတွေ သေဆုံးရတဲ့ ဖြစ်ရပ်တွေလည်း အခုနောက်ပိုင်း မကြာခဏ ကြုံလာနေရတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အထောက်အထားမဲ့ မြန်မာ ၃၀ နီးပါး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ