ကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ သံတမန်တချို့ ကုလ အထွေထွေညီလာခံမှာ ဒီကနေ့ မိန့်ခွန်းပြောမည်

နယူးယောက်မြို့ ကုလသမဂ္ဂအဆောက်အဦ (စက်တင်ဘာ ၂၀၊ ၂၀၂၄)

၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံတကာ ခေါင်းဆောင်တွေ တယောက်ပြီးတယောက် မိန့်ခွန်းတွေ မပြောခင် တရက်အလို ဒီကနေ့ တနင်္လာနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အပါအဝင် သံတမန်တွေနဲ့ နိုင်ငံခေါင်းဆောင်တချို့ “အနာဂတ်အတွက် ထိပ်သီးအစည်းအဝေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ မိန့်ခွန်း ပြောကြားဖို့ စီစဉ်ထားပါတယ်။

ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး၊ ပဋိပက္ခတွေနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ ကုလသမဂ္ဂက ချမှတ်ထားတဲ့ စနစ် ပိုမိုခိုင်မာရေး အတွက် မနေ့ တနင်္ဂနွေနေ့က နိုင်ငံတွေအကြား သဘောတူညီမှုတွေ ချမှတ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး၊ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ပူးပေါင်းမှု၊ လူ့အခွင့်အရေးနဲ့ ကျားမတန်းတူရေး စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အနာဂတ်အတွက် သဘောတူညီချက်ကို နှစ်ရက်ကြာ အစည်းအဝေးမှာ ကိုယ်စားလှယ်တွေ မနေ့က အပြီးသတ် သဘောတူခဲ့ပါတယ်။

ဒီနေ့ မိန့်ခွန်းပြောမယ့်သူတွေမှာ ယူကရိန်း သမ္မတ Volodymyr Zelenskyy၊ အီရန် သမ္မတသစ် Masoud Pezeshkian။ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sergey Vershinin တို့လည်း ပါဝင်ပါတယ်။

အမေရိကန် သမ္မတ Joe Biden ကလည်း သူ့ရဲ့ သမ္မတသက်တမ်းအတွင်း နောက်ဆုံးဖြစ်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းကို ဒီသတင်းပတ်အတွင်း ပြောဖို့ရှိတာပါ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield ကတော့ ကုလအထွေထွေညီလာခံ ကျင်းပတဲ့အချိန်ဟာ အရှေ့အလယ်ပိုင်း အပါအဝင် နိင်ငံတကာအကြား ပဋိပက္ခတွေ တိုးလာပြီး ပိုပြီး အာရုံစိုက်ဖို့နဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်နေတဲ့ အရေးကြီးတဲ့ အချိန်ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ သံတမန်တချို့ ကုလ အထွေထွေညီလာခံမှာ ဒီကနေ့ မိန့်ခွန်းပြောမည်