ကုလမှတ်ပုံတင်မှာ “ရိုဟင်ဂျာ” အမည်တပ်ပေးဖို့ ဒုက္ခသည်တွေတောင်းဆို

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ သိန်းချီတဲ့ဒုက္ခသည်တွေကို UN ကဒ်တွေ စ-လုပ်ပေးနေပြီဖြစ်ပေမဲ့လို့ မြန်မာပြည်မှ ရိုဟင်ဂျာများ ဆိုတဲ့ အချက်အလက် ကဒ်ထဲထည့်သွင်းပေးဖို့ UNHCR ကို ထပ်မံ တောင်းဆိုထားတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဒုက္ခသည်တွေ အလုံးအရင်းနဲ့ခိုလှုံလာကြစဉ်ကတော့ ဘင်္ဂလားဒေ့ရှ်လူဝင်မှုကြီးကြပ်ရေးဘက်က စခန်းတွင်းစာရင်းဝင် အသိအမှတ်ပြုကဒ်တွေ ထုတ်ပေးခဲ့ပြီး တနှစ်အကြာမှာတော့ ကုလသမဂ္ဂအသိအမှတ်ပြု ဒုက္ခသည်ကဒ်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UNHCR တို့ ပူးပေါင်းဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ အကြမ်းဖက်တိုက်ခိုက် မှုဖြစ်စဉ်နောက်ပိုင်း မြန်မာနိုင်ငံ ဘက်ခြမ်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ခိုလှုံရောက်ရှိနေတဲ့ တိမ်းရှောင်လာသူ ခုနှစ်သိန်းကျော်အပါအဝင် ရိုဟင်ဂျာမူဆလင် ဒုက္ခသည်ပေါင်းကိုးသိန်းကျော်အတွက် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက UN အထောက်အထားကဒ်တွေ ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂ရက်နေ့ကစ စတင်လုပ်ဆောင်ပေးခဲ့ပြီး ခြောက်လအတွင်း အပြီးသတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ UNHCR ကပြောဆိုထားပါတယ်။

ဒုက္ခသည်စခန်းတွေထဲက အသက်(၁၂)နှစ်အထက် ကလေးငယ်ကစလို့ ဒုက္ခသည်တဦးချင်းစီရဲ့ မိသားစုစာရင်းအချက်အလက်တွေကို စတင်ကောက်ခံယူနေပြီး မှတ်တမ်းတင်နေတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရ ဒုက္ခသည်စခန်းတာဝန်ရှိသူတွေနဲ့ UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံးကနေ ကိုယ်ရေးအချက်အလက်တွေစတင်ကောက်ခံနေတဲ့အခြေအနေကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီးက ဘာလုခါလီဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်သူ ဦးအီစလံကအခုလိုရှင်းပြပါတယ်။

"ဟုတ်ကဲ့ပါ သူတို့က ၁၂ နှစ်အထက်ဆိုရင် ယောင်္ကျားမိန်းမအကုန်လုံးကို ကွန်ပြူတာစနစ် နဲ့ လုပ်ပေးတယ်။ နောက်ပြီးတော့ အထဲမှာတော့ မြန်မာနိုင်ငံကဆိုပြီးတော့ ရေးသားထားတာကိုတွေ့ရပါတယ်။ ဒါပေမယ့် အဲဒီမှာ မြန်မာရိုဟင်ဂျာဆိုတာ မပါဝင်လို့ ကျနော်တို့က တောင်းဆိုမှုလုပ်တယ်။ အဲဒါပါဝင်မှ ကျနော်တို့ လက်ခံသွားမှာပါ။UNHCRမဟာမင်းကြီးကိုလည်း ကျနော်တို့က တင်ပြထားတာ ရှိပါတယ်။ အဲဒါနဲ့ အဆင်ပြေမယ်ဆိုရင် ကျနော်တို့ လက်ခံသွားမှာပါ အခုကတော့ အဲဒီအစီအစဉ်တွေကို ဒုက္ခသည်စခန်းမှာ စတင်ပြီးတော့ လုပ်ဆောင်ပေးနေတာကိုတွေ့ရပါတယ်။"

UN ကဒ်တွေ ထုတ်ပေးနိုင်ဖို့ ဒုက္ခသည်စခန်းတချို့မှာ လုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်နေတာဖြစ်ပြီး ဒီလိုကိုယ်ရေးအချက်အလက် ကောက်ခံတာ စာရင်းပြုစုနေတာနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေဘက်က ကဒ်ထဲ ထည့်သွင်းပေး ဖို့ တောင်းဆိုထားတဲ့ အချက်အလက်တွေကို ထည့်သွင်းပေးဖို့လည်း UNHCR ကို ထပ်မံတောင်းဆိုထားတယ်လို့ ကော့ဇ်ဘဇားအနီး ကုတုပလောင် ဒုက္ခသည်စခန်းနေ ဦးမောင်မောင်ကပြောပါတယ်။

"အခုကျနော်တို့က မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံ ဒုက္ခခံနေရတာရှိတယ်။ ရခိုင်လည်းရှိတယ် ရှမ်းလည်းရှိတယ်။ ဒါပေမယ့် ကျနော်တို့ တောင်းဆိုထားတာက ရိုဟင်ဂျာဆိုပြီးတော့ပဲဖြစ်ရမယ်လို့ ကျနော်တို့ကတောင်းဆိုထားတာ အဲဒီအတိုင်းသူတို့လုပ်ပေးမယ်လို့ ပြောတယ်။'

ရခိုင်မြောက်ပိုင်းအကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း နယ်မြေရှင်းလင်းမှုတွေအတွင်း အစုလိုက်အပြုံလိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း တိမ်းရှောင်လာကြစဉ်တုန်းကတော့ ဒုက္ခသည်စခန်းတွေထဲမှာ နေရာချထားပေးဖို့ ဘင်္ဂလားဒေ့ရှ် လူဝင်မှုကြီးကြပ်ရေးဌာနဘက်က စခန်းတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး နာမည်၊ မြန်မာပြည်က နေရပ်လိပ်စာနဲ့ မိသားစုအချက်အလက်တွေ ကို စာရင်းသွင်းမှတ်သားပြီး အသိအမှတ်ပြုကဒ်တွေ ထုတ်ပေးခဲ့တာဖြစ်တယ်လို့ ဦးအီစလံကပြောပါတယ်။

"ပြီးခဲ့တဲ့ ၂၀၁၇ စက်တင်ဘာလမှာ အများဆုံးဒုက္ခသည်တွေက ရောက်လာတာရှိတယ်။ အဲဒီနောက်ပိုင်း အောက်တိုဘာလလောက်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရကနေ ID ကဒ်ဆိုပြီးတော့ လုပ်ပေးနေတာရှိပါတယ်။ အခုထုတ်ပေးတဲ့ကဒ်က ပထမထုတ်ပေးတဲ့ ကဒ်နဲ့ မတူပါဘူး။ ဒါကတော့ Smart Card လို့ခေါ်ပါတယ်။ Smart Card က ကွန်ပြူတာနဲ့ ခန္ဓာကိုယ်အထဲပိုင်းကိုပါ စမ်းသပ်ပြီးတော့ ဒုက္ခသည်တွေအတွက် ကဒ်ကိုထုတ်ပေးနေတာပါ။"

အခုထုတ်ပေးမယ့်UN ကဒ်ကတော့ ပိုပြီးတော့မှ အထောက်အထားခိုင်လုံမှုတွေနဲ့ အဆင့်မြင့်ပြီး စခန်းတွင်း ရိက္ခာ၊ ဆေးဝါးပစ္စည်းစတဲ့ လူသားချင်းစာနာမှု ကူညီပေးရေးလုပ်ငန်းတွေ ဒုက္ခသည်တွေအတွက် ဆောင်ရွက်ရာမှာလည်းပိုပြီးတော့မှ အဆင်ပြေချောမွေ့လွယ်ကူ လာစေဖို့ရည်ရွယ်ထားပုံရတယ်လို့လည်း ဒုက္ခသည်တွေကပြောပါတယ်။

ဒုက္ခသည်သိန်းချီခိုလှုံနေတဲ့ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်ပေါင်း လေးထောင်ကျော်လောက် အခုချိန်က စတင်ပြီး UN ကဒ်ရယူနိုင်ဖို့ အချက်အလက်တွေ လာရောက်ပေးနေကြပြီး လူတွေ့မေးမြန်းမှုတွေ၊ မိသားစုကိုယ်ရေးရာဇဝင်အချက်အလက် နေရပ်လိပ်စာ စတာတွေကို UNHCR နဲ့အတူ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေက ဝန်ထမ်း ၁၅၀ကျော်က ပူးပေါင်းပြီး အချက်အလက်ကောက်ခံနေကြပြီဖြစ်ပါတယ်။ ဒီရိုဟင်ဂျာ ဒုက္ခသည်တွေအရေး ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရဘက်ကလည်း ကုလသမဂ္ဂ အဖွဲ့အစည်း ၂ ခုဖြစ်တဲ့ UNHCR နဲ့ ကုလသမဂ္ဂ ဖွံဖြိုးရေး UNDP အဖွဲ့တွေနဲ့ MoU နားလည်မှု စာချွန်လွှာ ရေးထိုးပြီး စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကုလမှတ်ပုံတင်မှာ “ရိုဟင်ဂျာ” အမည်တပ်ပေးဖို့ ဒုက္ခသည်တွေတောင်းဆို