မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းမှာ ပဋိပက္ခတွေ၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြား အိုးအိမ်စွန့်ခွာထွက်ပြေးတဲ့ ဒုက္ခသည်သန်း ၁၁၀ လောက်ရှိနေပြီလို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာတင် မြန်မာ၊ ကွန်ဂိုသမ္မတနိုင်ငံနဲ့ အီသီယိုပီယားနိုင်ငံတွေမှာတင် လူတသန်းကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာကိုလည်း ထောက်ပြပါတယ်။
“ကမ္ဘာတဝှမ်းအိုးမဲ့အိမ့်မဲ့ အတိဒုက္ခရောက်တဲ့သူတွေသန်း ၁၀၀ကျော်နေပြီဆိုပြီးလွန်ခဲ့တဲ့ နှစ်အနည်းငယ်၊ဒါမှမဟုတ် ပြီးခဲ့တဲ့နှစ်ကကျနော်တို့ ပထမအဆုံးအကြိမ်ကြေညာခဲ့တာကို သတိရကြပါလိမ့်မယ်။အခုတော့ အဲဒီအရေအတွက်ထက် ၁၀ရာခိုင်နှုန်း ထပ်တိုးလာနေပြီ။” လို့ ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က မနေ့က UNHCR ရဲ့ အစီရင်ခံစာမထုတ်ပြန်ခင် ဂျနီဗာမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။
ဒုက္ခသည် ၁.၄ သန်း ရှိတဲ့ အာရှ၊ ပစိဖိတ်ဒေသမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရသူ ၁.၂ သန်း ရှိနေတဲ့ မြန်မာနိုင်ငံကတော့ အများဆုံး ဖြစ်တယ်လို့လည်း UNHCR ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
ပြီးခဲ့တဲ့နှစ်တနှစ်ထဲမှာကမ္ဘာတဝှမ်း လူ၁၉ သန်းအိုးမဲ့အိမ်မဲ့ ထွက်ပြေးခဲ့ရပြီးယူကရိန်းကို ကျုးကျော်တဲ့ရုရှားစစ်ပွဲအပြီး လူ၁၁ သန်းကျော်နေရပ်စွန့်ခွာခဲ့ရတဲ့အကြောင်းနဲ့၊ဒုတိယ ကမ္ဘာစစ်အပြီးလူတွေ အများဆုံး၊အကြီးမားဆုံး နေရပ်စွန့်ခွာရတာဖြစ်တဲ့အကြောင်းမဟာမင်းကြီး Filippo Grandi ကပြောဆိုသွားပါတယ်။
ဆူဒန်နိုင်ငံမှာဆိုရင် စစ်ရေးတင်းမာမှုနဲ့ပဋိပက္ခတွေကြား ပြီးခဲ့တဲ့ဧပြီလနောက်ပိုင်း လူ၂ သန်းနီးပါးအိုးအိမ်တွေစွန့်ပြီး ဘေးလွတ်ရာကိုထွက်ပြေးခဲ့ရတာကိုလည်း UNHCR ရဲ့ အစီရင်ခံစာမှာ အဓိကဖေါ်ပြပါတယ်။ ဒုက္ခသည်တွေကိုလက်ခံထားတဲ့ နိုင်ငံတွေဟာအာရှနဲ့ အာဖရိကကအလယ်အလတ်ဝင်ငွေနဲ့ ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေဖြစ်ပြီးဥရောပနဲ့ မြောက်အမေရိကတိုက်ကချမ်းသာတဲ့ နိုင်ငံတွေမဟုတ်ဘူးလို့လည် သူက ပြောပါတယ်။
Your browser doesn’t support HTML5