{{Zawgyi/Unicode}}
မန္တလေးမှာ စနေနေ့က ဆန္ဒပြပွဲ နှိမ်နင်းခံရမှု အတွင်းမှာ ကလေးတဦး သေဆုံးခဲ့ရပြီးနောက် မြန်မာလုံခြုံရေး အဖွဲ့တွေ အနေနဲ့ ကလေးငယ်တွေ၊ လူငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေး ဆောင်ရွက်ဖို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF က တောင်းဆိုလိုက်ပါတယ်။
ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုကိုလည်း ရှုတ်ချလိုက်ပါတယ်။ တချိန်တည်းမှာဘဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆက်လက် ဆက်သွယ်ဆောင်ရွက်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနလာၤနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာပြည်သူတွေနဲ့ စည်းလုံးညီညွတ်စွာ ရှိနေကြောင်း၊ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲတွေမှာ မြန်မာပြည်သူတွေက သူတို့ရဲ့ဆန္ဒကို ဖော်ပြခဲ့ကြပြီးဖြစ်ပြီး အစိုးရအာဏာအပ်နှင်းမှုဟာလည်း မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အခြေခံရမှာဖြစ်တယ်လို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောဆိုထားတဲ့ အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောဆိုခဲ့တာပါ။
တချိန်တည်းမှာဘဲ လာမယ့် သောကြာနေ့မှာ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အလွတ်သဘော ဆွေးနွေးပွဲ တခုလုပ်ဖို့ ရှိပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener က အစီရင်ခံတင်ပြဖို့ ရှိကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ သဘာပတိရဲ့ ပြောခွင့်ရက ပြောပါတယ်။
ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတချို့ရဲ့ ပန်ကြားချက် အရ ပြုလုပ်တာ ဖြစ်ကြောင်း ပြောပေမယ့်လည်း ဘယ်နိုင်ငံတွေက တောင်းဆိုလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
...............................................
Your browser doesn’t support HTML5
{{Unicode}}