Yagi ကြောင့် ကလေးငယ်သန်းချီ ထိခိုက်လို့ UNICEF ပြော

ပဲခူးတိုင်း တောင်ငူမြို့မှာ Yagi မုန်တိုင်းကြောင့် ရေကြီးမှုအတွင်း ယာယီဒုက္ခသည်စခန်းမှာ တွေ့ရတဲ့ ရေဘေးဒဏ်သင့် ဒေသခံများ (စက်တင်ဘာ ၁၂၊ ၂၀၂၄)

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာ Yagi (ရာဂီ) မုန်တိုင်းကြောင့် ရေကြီး မြေပြိုမှုအတွင်း ကလေးငယ် ၆ သန်းနီးပါး ဒုက္ခရောက်နေကြတယ်လို့ ကလေးငယ်များ ကူညီစောင့်ရှောက်ရေးဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNICEF က ပြောကြားပါတယ်။ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်နီးပါးက ဖိလစ်ပိုင်၊ Vietnam နဲ့ တရုတ်နိုင်ငံတွေကို ဗဟိုပြုတိုက်ခတ်သွားခဲ့တဲ့ အင်အားပြင်း စူပါ Yagi (ရာဂီ) မုန်တိုင်းကြောင့်အရှိန်ကြောင့် မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေမှာလည်း အကြီးအကျယ် ရေကြီး မြေပြိုမှုတွေဖြစ်ခဲ့ပါတယ်။

ပညာရေး၊ ကျန်းမာရေး အစားအသောက်နဲ့ နေစရာ ထိခိုက်နေတဲ့ ကလေးငယ် ၆ သန်းရှိနေတယ်လို့ UNICEF က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ စစ်အုပ်ချုပ်မှုကို ဆန့်ကျင်နေတဲ့ အဖွဲ့တွေကြား ၃ နှစ်ကျော်ကြာဖြစ်နေတဲ့ တိုက်ပွဲတွေရဲ့ ဒဏ်ကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ပြည်သူ ၄ သိန်းနီးပါး ရေဘေးကြောင့် ဘေးလွတ်ရာမှာ ပြောင်းရွှေ့ခိုလှုံနေကြရတယ်လို့ ဖော်ပြထားပါတယ်။ လူသားချင်းစာနာမှု အကူအညီ အလွန်အမင်းလိုအပ်နေကြတဲ့ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ အခြေအနေ ပိုပြီး ဆိုးဝါးနေတယ်လို့ UNICEF ရဲ့ အာရှပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး June Kunugi က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ Yagi (ရာဂီ) မုန်တိုင်းကြောင့် အကူအညီလိုအပ်သူ စုစုပေါင်း ၆ သိန်းခွဲနီးပါးရှိနေတယ်လို့ ကုလသမဂ္ဂကလည်း ပြောထားပါတယ်။

ပဲခူးတိုင်း တောင်ငူမြို့မှာ Yagi မုန်တိုင်းကြောင့် ရေကြီးမှုအတွင်း ကယ်ဆယ်ရေးလှေပေါ်မှာတွေ့ရတဲ့ ရေဘေးဒဏ်သင့် ဒေသခံများ (စက်တင်ဘာ ၁၂၊ ၂၀၂၄)

တချိန်ထဲမှာပဲ ကြာသပတေးနေ့အထိရထားတဲ့ စာရင်းတွေအရ သေဆုံးသူ ၂၉၃ ယောက်ရှိပြီး ၈၉ ယောက် ပျောက်ဆုံးနေဆဲပဲလို့ သဘာဝဘေးဒဏ် စီမံခန့်ခွဲမှုကော်မတီက စာရင်းထုတ်ပြန်ထားပါတယ်။ ပရဟိတ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကတော့ သေဆုံး ပျောက်ဆုံးသူ အရေအတွက် ပိုများလာနိုင်တယ်လို့ မျှော်လင့်ထားကြပါတယ်။

ဒီနေ့ သောကြာနေ့အတွက် ထူးခြားတဲ့ မိုး‌လေဝသခန့်မှန်းချက်ကတော့ လာအိုနိုင်ငံ အလယ်ပိုင်းဒေသတွေကို ဖြတ်ကျော်လာတဲ့ ကုန်းတွင်းမုန်တိုင်းငယ်ဟာ အနောက်ဘက်သို့ ရွေ့လျားသွားတာနဲ့အတူ အကြွင်းအကျန်တိမ်တိုက်တွေဟာ နောက် (၂၄)နာရီအတွင်း မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းဘက်ကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ မိုးဇလဦးစီးဌာနရဲ့ ဒီနေ့ ညနေ ၄ နာရီထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေလောက်ရှိနိုင်ပြီး ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း လှိုင်းအမြင့် ၅ ပေမှ ၇ ပေခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။