သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yagi မုန်တိုင်းသင့် မြန်မာပြည်သူတွေအတွက် ယူရိုငွေ ၁.၂ သန်း အီးယူ ထောက်ပံ့မည်


ပဲခူးတိုင်း တောင်ငူမြို့အတွင်း တိုင်ဖွန်း Yagi (ရာဂီ) ကြောင့် ရေဘေးဒဏ်သင့်သွားတဲ့ နေရာတွေကို ကူညီကယ်ဆယ်ဖို့ ပြင်ဆင်နေတဲ့ လုပ်အားပေးများ (စက်တင်ဘာ ၁၇၊ ၂၀၂၄)
ပဲခူးတိုင်း တောင်ငူမြို့အတွင်း တိုင်ဖွန်း Yagi (ရာဂီ) ကြောင့် ရေဘေးဒဏ်သင့်သွားတဲ့ နေရာတွေကို ကူညီကယ်ဆယ်ဖို့ ပြင်ဆင်နေတဲ့ လုပ်အားပေးများ (စက်တင်ဘာ ၁၇၊ ၂၀၂၄)

Yagi မုန်တိုင်းကြောင့် ထိခိုက်နေတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာတဲ့အကူအညီ ယူရိုငွေ ၁.၂ သန်းထောက်ပံ့မယ်လို့ EU ဥရောပသမဂ္ဂက ဒီနေ့ ကြေညာပါတယ်။ Yagi မုန်တိုင်းဒဏ်ခံနေရတဲ့ အာရှနိုင်ငံတွေအတွက်ပေးမယ့် ပမာဏမှာ မြန်မာနိုင်ငံက အများဆုံးရမှာဖြစ်ပါတယ်။ စစ်ပွဲဒဏ်ခံနေရတဲ့ကြားမှာ မုန်တိုင်းဒဏ်ခံနေရတဲ့ မြန်မာအတွက်ပေးမှာဖြစ်တယ်လို့ ဒီနေ့ EU ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တချိန်ထဲမှာ မြန်မာနိုင်ငံမှာ Yagi မုန်တိုင်းကြောင့် သေဆုံးသူ ၂၆၈ ယောက်ထက်မနည်း ရှိသွားပြီလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့အထိ ရရှိတဲ့စာရင်းတွေအရ မြန်မာနိုင်ငံတဝန်း မုန်တိုင်းဒဏ်သင့် မြို့နယ်ပေါင်း ၅၆ မြို့နယ်မှာ ၂၆၈ ဦးသေဆုံးပြီး ၈၈ ယောက်ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သဘာဝဘေးဒဏ်စီမံခန့်ခွဲမှုကော်မတီက စာရင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသူ တိုးလာနိုင်တယ်လို့ ကူညီ ကယ်ဆယ်ရေးလုပ်သူတွေက ခန့်မှန်းထားပါတယ်။

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကို ဒီနေ့ စက်တင်ဘာ ၁၉ ရက် ညဘက် ဝင်တိုက်ခတ်မယ်လို့ခန့်မှန်းထားတဲ့ Soulik မုန်တိုင်းရဲ့ အကြွင်းအကျန် လေပွေလှိုင်းဟာ မနက်ဖြန် သောကြာနေ့ကျရင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသတွေကို စတင် ဖြတ်ကျော်ပြီး အနောက်နဲ့ အနောက်တောင်ဘက်ကို ရွေ့သွားနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးဇလဌာနက အထူးမိုးလေဝသသတင်းအနေနဲ့ ဒီနေ့ ညနေပိုင်းက ထုတ်ပြန်ထားပါတယ်။

လေပွေလှိုင်းအရှိန်ကြောင့် မနက်ဖြန် စက်တင်ဘာ ၂၀ ကနေ ၂၅ ရက်၊ ရှေ့တပတ် ဗုဒ္ဓဟူးနေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ နေရာအနှံ့ မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေမှာ မိုးကြီး၊ လေပြင်း တိုက်ခတ်နိုင်တယ်လို့ သတိပေးထားပါတယ်။ ရုတ်တရက်ရေကြီး မြေပြိုမှုတွေဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

မြန်မာနိုင်ငံကို စက်တင်ဘာ ၉ ရက်က စတင် အဖျားခတ်ခဲ့တဲ့ Yagi မုန်တိုင်းကြောင့် အခုသတိပေးထားတဲ့ တိုင်းနဲ့ ပြည်နယ်တော်တော်များများမှာ ရေကြီး ရေလျှံခဲ့လို့ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ထားပါတယ်။ စပါးအပါအဝင် စိုက်ပျိုးမြေဧက ၆ သိန်း ၆ သောင်းကျော်ပျက်စီးခဲ့ပြီး ကျွဲ နွား ၁ သိန်းကျော် သေဆုံးခဲ့တယ်လို့ သဘာဝဘေးဒဏ်စီမံခန့်ခွဲမှုကော်မတီက ပြောပါတယ်။ မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူ ၆ သိန်း ၃ သောင်းကျော် အကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG