ဆိုင်ကလုံး 'မိုခါ'အတွက် ကုလ ပြင်ဆင်

The spokesperson for the Secretary-General, Stéphane Dujarric

ဆိုင်ကလုံး 'မိုခါ'အတွက် ကုလ ပြင်ဆင်

ဆိုင်ကလုံးမုန်တိုင်း Mocha 'မိုခါ'ဟာ တနင်္ဂနွေနေ့မှာ ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar တို့ကြား ကုန်းတွင်းပိုင်းကို ဝင်ရောက်လာမယ်လို့ ခန့်မှန်းထားတာကြောင့် ကုလသမဂ္ဂ လူသာချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှုးရုံး (UN OCHA)က ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ကုလအတွင်းရေးမှုးချုပ်ရုံးက သောကြာနေ့မှာ ပြောပါတယ်။

"ကုလသမဂ္ဂနဲ့ မိတ်ဘက်အဖွဲ့တွေဟာ ဝန်ထမ်းတွေကိုရော လိုအပ်မယ့် ပစ္စည်းတွေကိုပါ နေရာအနှံ့မှာ တတ်နိုင်သလောက် ကြိုတင် နေရာချနေပါတယ်"လို့ ကုလအတွင်းရေးမှုးချုပ် Antonio Guterres ရုံးပြောခွင့်ရ Stephane Dujarric က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

အခုကျရောက်မယ့် ဆိုင်ကလုံးမုန်တိုင်းကြောင့် ပင်လယ်နားက ဒုက္ခသည်စခန်းတွေမှာ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေ ဖြစ်လာမှာကို စိုးရိမ်နေတယ်လို့လည်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့က ပြောပါတယ်။

SEE ALSO: မုန်တိုင်းမဝင်ခင် ဘေးကင်းရာကြိုရှောင်ထားကြဖို့ မိုးဇလဌာန သတိပေး

UNHCR အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ဒုက္ခသည်စခန်းတွေနဲ့ ဘာဆန်ချာကျွန်းက ဒုက္ခသည်စခန်း တာဝန်ရှိသူတွေ၊ မိတ်ဖက်တွေနဲ့ လက်တွဲပြီး အရေးပေါ်ဆိုင်ရာ လိုအပ်မယ့်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အရေးပေါ်ဆက်သွယ်ရမယ့်ဌာန တခုကိုလည်း ဖွင့်လှစ်ထားပြီး အရေးပေါ် ဆက်သွယ်ရေး စနစ်တွေကိုလည်း အားဖြည့်ဆောင်ရွက် ထားတယ်လို့ ပြောပါတယ်။

အား အလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ဟာ ဘင်္ဂလားဒေ့ရှ်−မြန်မာကမ်းရိုးတန်းဆီ ဦးတည်ရွေ့လျားနိုင်ခြေရှိနေပြီး မြန်မာ-မိုးဇလက လိမ္မော်ရောင်အဆင့် သတ်မှတ်ထားတာပါ။ မုန်တိုင်းလမ်းကြောင်းဟာ မြန်မာနိုင်ငံဆီကို လာမယ့် တနင်္ဂနွေနေ့မှာ ဖြတ်ကျော် ဝင်ရောက်လာနိုင်တာကြောင့် ဘေးကင်းရာ နေရာတွေဆီ ကြိုတင်ရှောင်ရှားနိုင်ဖို့လည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံထဲ မုန်တိုင်းဝင်ရောက်လာချိန်မှာ လေတိုက်ခတ်နှုန်းက တနာရီကို မိုင် ၁၀၀ ကနေ ၁၁၀ နှုန်းအထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း မိုးဇလ ညွှန်ကြားရေးမှူး ဦးလှထွန်းက VOA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အမြင့်ဆုံး လေတိုက်နှုန်း တနာရီကို မိုင် ၁၀၀ ကနေ ၁၁၀ အထိ တိုက်ခတ်နိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း အပါအဝင် ဧရာဝတီတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီကို မိုင် ၄၀ ကနေ မိုင် ၆၀ အထိ တိုက်ခတ် နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

Your browser doesn’t support HTML5

ဆိုင်ကလုံး မိုခါ အတွက် ကုလပြင်ဆင်