ရခိုင်ပြည်နယ် အကြမ်းဖက်မှု အဆုံးသတ်ဖို့ လုံခြုံရေးကောင်စီ မြန်မာကို တိုက်တွန်း

ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ တံခါးပိတ် ဆွေးနွေးခဲ့ရာမှာ လက်ရှိ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ လူသားချင်း စာနာမှု အထောက်အကူတွေ ပေးအပ်ဖို့ ဆိုတဲ့ ကိုဖီအာနန် အကြံပေး ကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။ ဒါဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ၉ နှစ် အတွင်း ပထမဦးဆုံး အကြိမ် ထုတ်ပြန်တဲ့ ကြေညာချက် ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက ပြောပြမှာပါ။

ရခိုင်ပြည်နယ် ပဋိပက္ခအခြေအနေ ဆိုးရွားလာမှုကြောင့် လုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်တဲ့ ဗြိတိန်နဲ့ ဆွီဒင်တို့ရဲ့ တောင်းဆိုချက် အရ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့က တံခါးပိတ် အစည်းအဝေးပွဲကျင်းပခဲ့ ပြီးတဲ့နောက် ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်လို့ လွန်စွာ စိုးရိမ်မကင်း ဖြစ်တဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လုံခြုံရေး ကောင်စီရဲ့အလှည့်ကျ ဥက္ကဌ အီသီယိုးပီးယား နိုင်ငံက Tekeda Alemu ကဆွေးနွေးပွဲ အပြီး သတင်းထောက်တွေကို ကြေညာချက်နဲ့ ပတ်သက်လို့ အခုလို ပြောခဲ့ပါတယ်။

“ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ လွန်စွာ စိုးရိမ်မကင်း ဖြစ်ကြပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့က မြန်မာ လုံခြုံရေး တပ်သားတွေ တိုက်ခိုက်ခံရတာကို သိရှိရတဲ့ အတွက် ဒီတိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲ အကြမ်းဖက်မှု ဖြစ်ပွားတာကြောင့် လူပေါင်း ၃ သိန်း ၇ သောင်းကျော် အိုးအိမ်မဲ့ ဖြစ်ရပါတယ်။ လုံခြုံရေး နယ်မြေရှင်းလင်းမှုတွေ အတွင်း အင်အား အလွန်အကျွန် အသုံးပြုခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့ စိုးရိမ်မကင်း ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့ ၊ တရားဥပဒေ စိုးမိုးရေး ပြန်လည် ချမှတ်ဖို့ ၊ အရပ်သားတွေကို အကာကွယ် ပေးဖို့ ၊ လူမှုရေး၊ စီးပွားရေး သာမန် အခြေအနေ ပြန်ရောက်စေဖို့နဲ့ ဒုက္ခသည် ပြဿနာကို ဖြေရှင်းဖို့ တိုက်တွန်းပါတယ်။”

ပြီးခဲ့တဲ့ သတင်းပတ်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အိုးအိမ်မဲ့ ဖြစ်နေကြသူတွေကို မခွဲခြားဘဲ အထောက်အကူ ပေးနေတယ်ဆိုတဲ့ ပြောကြားချက် ကိုလည်း လုံခြုံရေး ကောင်စီက ကြိုဆိုလိုက်ပြီး ကြေညာချက်မှာ အခုလို တိုက်တွန်းခဲ့တယ်လို့ လုံခြုံရေး ကောင်စီ ဥက္ကဌက ပြောပါတယ်။

“ မြန်မာအစိုးရက လူသားချင်း စာနာမှု အထောက်အကူကို အိုးအိမ်မဲ့ ဖြစ်နေကြသူ အားလုံးကို ခွဲခြားမှု မရှိဘဲ၊ တပြေးညီ အကူအညီ ပေးဖို့ ပေးထားတဲ့ ကတိတွေကို လုံခြုံရေး ကောင်စီက ထောက်ပြပြီး မြန်မာအစိုးရအနေနဲ့ ဒီကတိကို အကော်အထည်ဖော်ဖို့ ရခိုင်ပြည်နယ်မှာ လိုအပ်နေသူတွေ အတွက် အထောက်အကူတွေ ပေးနိုင်အောင် လုပ်ဆောင်ဖို့နဲ့ ၊ လူသားချင်း စာနာမှု အထောက်အကူ ပေးနေကြသူတွေရဲ့ လုံခြုံရေးကို အာမခံချက် ပေးဖို့အပြင် ၊ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ ပူးပေါင်း ဆောင်ရွက်မှု၊ အခြေအတင် ဆွေးနွေးမှုကို ထောက်ခံ အားပေးဖို့ တိုက်တွန်းပါတယ်။”

ဒါ့အပြင် အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကိုလည်း အကောင်အထည် ဖော်ဖို့နဲ့ မြန်မာ အစိုးရက စက်တင်ဘာလ ၁၂ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီကိုလည်း လုံခြုံရေး ကောင်စီက ကြိုဆိုလိုက်ပြီး အကြံပြုချက်များကို လက်တွေ့ အကောင်အထည်ဖော်ဖို့ တိုက်တွန်း လိုက်ပါတယ်။

“ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ ရေရှည် အဖြေရှာဖို့နဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပေးချက်တွေကို အကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းပါတယ်။ ဒါ့အပြင် ဒီအကြံပေးချက်တွေကို အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရက ပထမခြေလှမ်းအဖြစ် ရခိုင် အကြံပေး ကော်မရှင်ဆိုင်ရာ ဝန်ကြီးအဆင့် အဖွဲ့ကို ဖွဲ့စည်းခဲ့တာကိုလဲ ကြိုဆိုပါတယ်။ အကြံပေးချက်တွေကို အကောင်အထည်ဖော်ရာမှာ နိုင်ငံတကာ လူ့အဖွဲ့အစည်းက မြန်မာအစိုးရကို အကူအညီပေးဖို့ အဆင့်သင့် ရှိတဲ့အကြောင်းလည်း လုံခြုံရေးကောင်စီက အတည်ပြုပါတယ်။”

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အခုလို လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ စလုံးတို့က တသဘောတည်း ကြေညာချက် ထုတ်ပြန်တာဟာ ၉ နှစ်တာ အတွင်း ပထမဦးဆုံး အကြိမ် ဖြစ်တယ်လို့ စည်းဝေးပွဲ ခေါ်ယူဖို့ တိုက်တွန်းခဲ့တဲ့ ဗြိတိန် သံအမတ်ကြီး Matthew Rycroft က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ၉ နှစ်တာ ကာလအတွင်း ဒါဟာ ပထမဆုံး အကြိမ် လုံခြုံရေး ကောင်စီက အခုလို သဘောတူပြီး ကြေညာချက် ထုတ်ပြန်လိုက်တာဘဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဆိုးရွားနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မှုမှာ လုံခြုံရေး ကောင်စီက တညီတညွတ်တည်း ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်။ ”

ဒါ့အပြင် လုံခြုံရေး ကောင်စီ ထုတ်ပြန်တဲ့ ကြေညာချက်ဟာ ရခိုင်အရေး စိုးရိမ်မကင်း ဖြစ်သူတွေရဲ့ သဘောထား ဆန္ဒ သုံးချက်စလုံးကို ခြုံငုံ ပါဝင်တဲ့ အတွက်လည်း ကျေနပ်မိတယ်လို့ သံအမတ်ကြီး Rycroft က ပြောပါတယ်။

“ ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်ဟာ ပထမ ခြေလှမ်းဖြစ်ပါတယ်။ လုံခြုံရေး ကောင်စီက လိုချင်တဲ့ အချက် သုံးချက်စလုံး ပါဝင်ပါတယ်။ ပထမက လုံခြုံရေး တပ်တွေရဲ့ နယ်မြေ ရှင်းလင်းရေးတွေကို အားလုံးရပ်တန့်ဖို့၊ ဒုတိယက လိုအပ်တဲ့ နေရာတွေမှာ လူသားချင်း စာနာမှု အကူအညီတွေ ရရှိစေဖို့၊ တတိယဟာကတော့ မြန်မာ အစိုးရ အနေနဲ့ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပေးချက်တွေကို အကောင်အထည် ဖော်ဖို့တို့ဘဲ ဖြစ်ပါတယ်။ ”

နောက်သတင်းပတ်မှာတော့ တူရကီ နိုင်ငံရဲ့တိုက်တွန်းချက် အရ OIC က မြန်မာ့ အရေးဆွေးနွေးဖို့ ရှိပြီး အထွေထွေ ညီလာခံ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ဦးဆောင်ပြီး ဆွေးနွေးပွဲ တရပ် ကျင်းပဖို့လည်း ရှိတယ်လို့ သံအမတ်ကြီး Rycroft က ပြောခဲ့ပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ် အကြမ်းဖက်မှု အဆုံးသတ်ဖို့ လုံခြုံရေးကောင်စီ မြန်မာကို တိုက်တွန်း