"အစ္စရေးနဲ့ဟက်ဇဘိုလာကြား စစ်ရေးပဋိပက္ခမဖြစ်အောင် ကာကွယ်မည်"ကန်နိုင်ငံခြားရေးဝန်ကြီး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကဲန်

လက်ဘနွန်နိုင်ငံတောင်ပိုင်းက ဟက်ဇဘိုလာတိုက်ခိုက်ရေးသမားတွေနဲ့ အစ္စရေးတပ်တို့ကြားက ပဋိပက္ခတွေအရှိန်မြင့်ပြီး စစ်ပွဲတရပ်ထိ ဖြစ်မလာအောင် အခိုင်အမာကာကွယ်သွားဖို့ ဆုံးဖြတ်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တနင်္လာနေ့မှာပြောပါတယ်။

အစ္စရေးလ်နဲ့ ဟက်ဇဘိုလာတို့ရဲ့အခြေအနေဟာ စစ်ပွဲတရပ်အဖြစ် ဦးတည်သွားနိုင်တာကို ဝန်ကြီး Blinken ကအသိအမှတ်ပြုပေမယ့် အဓိကပါဝင်ပတ်သက်သူတဦးကမှ စစ်ပွဲဖြစ်မှာကို မလိုလားကြပါဘူးလို့ ပြောပါတယ်။ ဟက်ဇဘိုလာတို့ဘက်က စစ်ဖြစ်ချင်မှာမဟုတ်သလို အစ္စရေးဘက်ကလည်းလိုအပ်ရင်တိုက်ဖို့ စစ်ပွဲတရပ်ပြင်ဆင်တာမျိုးရှိကောင်းရှိနိုင်ပေမယ့် သူတို့လည်းစစ်ဖြစ်ချင်မှာမဟုတ်ပါဘူးလို့ ဝါရှင်တန်အခြေစိုက် Brooking Institute မှာ ဝန်ကြီး Blinken ကပြောဆိုသွားတာပါ။

စစ်ဖြစ်လာရင် လူအများအပြားသေဆုံးနိုင်တဲ့အတွက် လက်ဘနွန်ကလည်း စစ်ပွဲဖြစ်ချင်မှာမဟုတ်တဲ့အပြင် အီရန်နိုင်ငံကလည်း ဟက်ဇဘိုလာတို့ကို ဝှက်ဖဲချပ်တခုလို လိုအပ်တဲ့အခါထုတ်သုံးနိုင်အောင် ထိန်းထားချင်တဲ့အတွက် ဟက်ဇဘိုလာလက်နက်ကိုင်အဖွဲ့ ပျက်စီးသွားတာမျိုးလိုလားမှာမဟုတ်ဘူးလို့လည်း အမေရိကန်ိနုင်ငံခြား ရေးဝန်ကြီး Blinken ကပြောပါတယ်။ ဂါဇာဒေသမြောက်ဘက်ပိုင်းမှာလှုပ်ရှားနေတဲ့ အီရန်တို့ကျောထောက်နောက်ခံပေးထားတဲ့ ဟက်ဇဘိုလာတို့ရဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် အစ္စရေးဘက်က သူ့တပ်ဖွဲ့တွေ ပိုမိုခွဲဝေချထားမယ့်လက္ခဏာတွေထွက်လာချိန်မှာ ဝန်ကြီးBlinken ရဲ့ မှတ်ချက်စကားထွက်လာတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

"အစ္စရေးနဲ့ဟစ်ဇဘိုလားကြား စစ်ရေးပဋိပက္ခမဖြစ်အောင် ကာကွယ်မည်"ကန်နိုင်ငံခြားရေးဝန်ကြီး