[Zawgyi]
ပြီးခဲ့တဲ့ ကြာသပတေးနေ့က Kabul နိုင်ငံတကာလေဆိပ်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၁ဝဝကျော်သေဆုံးခဲ့ရတဲ့ အသေခံဗုံးခွဲခဲ့မှုဟာ လူတယောက်ထဲက လုပ်ခဲ့တာဖြစ်ပြီး အစောပိုင်းက ထင်နေသလို လူ၂ ယောက်က လုပ်ခဲ့တာမဟုတ်ဘူးလို့ အမေရိကန် ကာကွယ်ရေးဌာနက မနေ့ သောကြာနေ့က ပြောပါတယ်။
အခုလို ရုတ်တရက် အခြေအနေမျိုးမှာ သတင်းတွေကို မှားယွင်းဖော်ပြတတ်တာဟာ အဆန်းမဟုတ်ဘူးလို့လည်း အမေရိကန် စစ်တပ်က ဗိုလ်ချုပ်ကြီး Hank Taylor က ပင်တဂွန်စစ်ဌာနချုပ် က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရ John Kirby ကတော့ လေဆိပ်မှာ နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်လာနိုင်ကြောင်း ခိုင်လုံတဲ့ သတင်းတွေ ရရှိထားကြောင်း ပြောဆိုလိုက်ပြီး၊ နောက်ထပ် တိုက်ခိုက်ဖို့ ကြိုးစားမှုတွေ ရှိနိုင်တာကြောင့် အသင့်ပြင်ဆင်ထားကြောင်း ပြောပါတယ်။
အန္တရာယ်ရှိနေတဲ့ ကြားမှာပဲ တိုက်ခိုက်မှုအပြီး နောက်တရက် သောကြာနေ့မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်စခဲ့တာကြောင့် အာဖဂန်နစ္စတန် နိုင်ငံကနေ ထွက်ခွာဖို့ ကြိုးပမ်းသူတွေလည်း လေဆိပ်ကို ပြန်လည် စုဝေးရောက်လာကြပါတယ်။
နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်တော့မယ်ဆိုတဲ့ ကောလဟလတွေကြောင့် သောကြာနေ့နှောင်းပိုင်းမှာ လူစုကွဲသွားတယ်လို့လည်း Wall Street Journal ကဖော်ပြပါတယ်။ လေဆိပ်အနီးက လမ်းတွေမှာ လူသူကင်းရှင်းနေပြီး၊ တာလီဘန်အဖွဲ့ဝင်တွေက လမ်းတွေကို ပိတ်ဆို့ထားတာ တွေ့ရတယ်လို့လည်း သောကြာနေ့နှောင်းပိုင်းက လေဆိပ်နားကို ရောက်သွားတဲ့ ဗွီအိုအေ သတင်းထောက်ကပြောပါတယ်။
အမေရိကန် စစ်သည် ၁၃ ယောက်နဲ့ တာလီဘန်တွေ သိမ်းပိုက်လိုက်တဲ့ အာဖဂန်နစ္စတန်ကနေ ထွက်ပြေးဖို့ ကြိုးစားကြတဲ့ ဒါဇင်နဲ့ချီတဲ့ အရပ်သားတွေ သေကြေခဲ့တဲ့ တိုက်ခိုက်မှု ကျုးလွန်သူတွေကို ရှာဖွေချေမှုန်းမှာဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ကတိပြုပြောဆိုထားပါတယ်။
=============================
Your browser doesn’t support HTML5
အာဖဂန်လေဆိပ် တိုက်ခိုက်မှု အသေခံဗုံးခွဲသမား ၁ ဦးလက်ချက်အဖြစ် အမေရိကန်အတည်ပြု
[ Unicode ]