ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမေရိကန်အထူးကိုယ်စားလှယ် လက်ဘနွန်နိုင်ငံ သွားရောက်

အစ္စရေးနဲ့ဟက်ဇ်ဘိုလာအဖွဲ့တို့ အပစ်ရပ်စဲရေးညှိနှိုင်းဖို့ လက်ဘနွန်ကိုရောက်နေတဲ့ အမေရိကန်ကိုယ်စားလှယ် Amos Hochstein ရဲ့ မြို့တော်ဘေရွတ်က သတင်းစာရှင်းလင်းပွဲ။ (နိုဝင်ဘာ ၁၉၊ ၂၀၂၄)

အစ္စရေးနဲ့ဟက်ဇ်ဘိုလာအဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်အထူးကိုယ်စားလှယ် Amos Hochstein ဟာ ဒီကနေ့ပဲ လက်ဘနွန်မြို့တော် ဘေရွတ်ကိုသွားပြီး ဟက်ဇ်ဘိုလာနဲ့ ကြားဝင် ညှိနှိုင်းပေးနေတဲ့ လက်ဘနွန်လွှတ်တော်ဥက္ကဋ္ဌ Nabih Berri နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မူကြမ်းကို ဟက်ဇ်ဘိုလာရော လစ်ဘနွန်အစိုးရကပါ သဘောတူထားတယ်လို့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ Ali Hassan Khalil က ရိုက်တာ သတင်းဌာနကို တနင်္လာနေ့ကပြောဆိုခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Netanyahu ကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီးရင်တောင် အစ္စရေးမြောက်ပိုင်းလုံခြုံရေးကို စိတ်ချရတဲ့အထိ ဟက်ဇ်ဘိုလာတွေကို စစ်ဆင်သွားမယ်လို့ ပြော ပါတယ်။ ဟက်ဇ်ဘိုလာတွေက အပစ်အခတ်ရပ်စဲရေးကို လိုက်နာမယ်ဆိုတဲ့ အထောက်အထားတွေ မတွေ့ရ ဘူးလို့လည်းသူကဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မူကြမ်းမှာ လက်ဘနွန်ထဲရောက်နေတဲ့အစ္စရေးတပ်တွေ ပြန်လည်ဆုတ်ခွါဖို့နဲ့ဟက်ဇ်ဘိုလာတပ်တွေလည်း အစ္စရေးနယ်စပ်အနီးကနေ ဝေးရာကိုဆုတ်ခွါဖို့ဆိုတဲ့ အချက်အဓိကပါ ဝင်ပါတယ်။ အစ္စရေးနဲ့လက်ဘနွန်ကြားခံနယ်မြေမှာ လက်ဘနွန်တပ်တွေနဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေ ပိုမိုချထားဖို့လည်း ဒီမူကြမ်းမှာပါဝင်ပါတယ်။

အမေရိကန်အထူးကိုယ်စားလှယ် Hochstein ဘေရွတ်ကိုရောက်ရှိပြီးနာရီပိုင်းအတွင်းမှာပဲ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဘေရွတ် မြို့တော်အလယ်ပိုင်းမှာ အနည်းဆုံး ၅ ဦးသေဆုံးပြီး ၃၁ ဦးဒဏ်ရာခဲ့ကြတယ်လို့ လက်ဘနွန်ကျန်းမာရေးဌာနကပြောပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့တုန်းကတော့ အစ္စရေးမြောက်ပိုင်းကို ဟက်ဇ်ဘိုလာတွေကရော့ကက်အလုံး ၁၀၀ လောက်နဲ့ပစ်ခတ်ခဲ့ပြီး အချို့ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေးကပြောပါတယ်။

Your browser doesn’t support HTML5

ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမေရိကန်အထူးကိုယ်စားလှယ် လက်ဘနွန်နိုင်ငံ သွားရောက်