ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လျှော့ချရေး အတွက် ရုရှားဘက်က ပထမဆုံး အဆင့် ဆောင်ရွက်ရမယ်လို့ အမေရိကန်ဘက်က ပြောဆိုခဲ့တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံ ကီးယဗ်မြို့တော်ကို အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ပထမဆုံး တရားဝင် ခရီးစဉ် အဖြစ် ရောက်ရှိနေတာပါ။ ယူကရိန်း အရှေ့ပိုင်း ပဋိပက္ခတွေ အဆုံးသတ်ရေးနဲ့ လက်ရှိ သွားနေတဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေ အပေါ် ထောက်ပံ့ရေးတို့နဲ့ ပတ်သက်ပြီး ယူကရိန်း သမ္မတ Petro Poroshenko နဲ့တွေ့ဆုံ ဆွေးနွေးပြီးနောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Tillerson က အခုလို ပြောဆိုတာလည်း ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်တုန်းက ရုရှားနဲ့ ယူကရိန်း အစိုးရကြား ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေး မင့်ခ်စ် သဘောတူညီချက်တွေကို ရည်ရွယ်ပြီး သက်ဆိုင်သူ အားလုံးတို့က ဒီပန်းတိုင်တွေကို အခိုင်အမာ ရပ်တည်နေသမျှ ရှိနေသမျှ တိုးတက်မှုတွေ ရှိအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO ဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Kurt Volker ကို ယူကရိန်း အရေး စေ့စပ်ညှိနှိုင်းရေး အထူးကိုယ်စားလှယ် အဖြစ် ဝန်ကြီး Tillerson က ခန့်အပ်ထားတာပါ။။ မစ္စတာ Volker က ဝန်ကြီး Tillerson နဲ့ အတူ ယူကရိန်းနိုင်ငံ ခရီးစဉ်မှာ လိုက်ပါခဲ့ပါတယ်။ဖြစ်ပါတယ်။ မစ္စတာ Volker အနေနဲ့ကတော့ ယူကရိန်း အရှေ့ပိုင်း အရေး ဖြေရှင်းဖို့ ရည်ရွယ်တဲ့ဂျာမနီ၊ ပြင်သစ်၊ ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့ ရဲ့ Normandy Formatအဖွဲ့ရဲ့ ယူကရိန်းအရေး စေ့စပ်ညှိနှိုင်းမှုမှာ ပါဝင်သူ အားလုံးနဲ့ ပုံမှန် စေ့စပ်ညှိနှိုင်းသွားရမှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5