အမေရိကန်နိုင်ငံသားတွေ လူ့သက်တမ်း ၁ နှစ် ပိုရှည်လာ (CDC)

Centers for Disease Control and Prevention (CDC) ဌာနချုပ်။

အမေရိကန်မှာရှိတဲ့လူတွေရဲ့ သက်တမ်းဟာ ပိုပြီးရှည်လာတယ်ဆိုတာ မနှစ်ကတွေ့ရှိခဲ့ပြီး ဒီနှစ်မှာ တိုးတက်မှုနည်းနည်းပဲရှိတယ်လို့ ကနဦးရရှိတဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။

အမေရိကန်နိုင်ငံရဲ့ ရောဂါကာကွယ်ထိန်းချုပ်ဌာန (CDC) က ဒီနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ အရတော့ အမေရိကန်မှာ သေဆုံးမှုနှုန်းအများဆုံးဖြစ်တဲ့ ကိုဗစ် ၁၉ ၊ နှလုံးရောဂါနဲ့ ဆေးအလွန်အကျွံ သုံးစွဲမှုတွေနဲ့ပတ်သက်ပြီး သေဆုံးနှုန်း ကျဆင်းလာတယ်လို့ ဖော်ပြပါတယ်။ ဒါက အမေရိကန်တွေရဲ့ သက်တမ်းဟာ ခန့်မှန်းခြေအားဖြင့် တနှစ်နီးပါးလောက် ပိုအသက်ရှည်လာတာဖြစ်ပါတယ်။ အခုလို ဖြစ်လာရတာဟာ ကိုဗစ် ၁၉ ကပ်ရောဂါကလွန်မြောက်ပြီး ပြန်ရုန်းထလာတဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ရှုမြင်နေကြပါတယ်။

ဒါပေမဲ့လည်း ကပ်ရောဂါမတိုင်ခင်အချိန်က သက်တမ်းကိုတော့မရောက်သေးဘဲ အရှိန်နည်းနည်း လျော့ကျလာနေပုံတွေ့ရတယ်လို့ ပြောပါတယ်။ အမေရိကန်မှာ မနှစ်က စုစုပေါင်း ၃.၁ သန်းနီးပါး လောက် သေဆုံးခဲ့ပြီး ဒါဟာ အဲဒီမတိုင်ခင်တနှစ်ကထက် သေဆုံးသူအရေအတွက် (၁၈၉,၀၀၀) လောက် နည်းတာဖြစ်ပါတယ်။

ဒီနှစ်ကနဦးရရှိတဲ့ အချက်အလက်တွေအရတော့ ပထမ ၁၀ လမှာ သေဆုံးတဲ့သူအရေအတွက်ဟာ မနှစ်ကထက် ၁၃,၀၀၀ (တသောင်းသုံးထောင်) လောက် ပိုနည်းတာကိုတွေ့ရကြောင်း ဒါပေမဲ့ နောက်ထပ် သေဆုံးမှုတွေရှိလာနိုင်တဲ့အတွက် မနှစ်ကနဲ့ ဒီနှစ်နဲ့ သေဆုံးမှုနှုန်းကွာခြားချက်က နည်းလာဖို့ရှိတယ်လို့ အမေရိကန် CDC ဌာနက Robert Anderson က ပြောပါတယ်။

Your browser doesn’t support HTML5

  အမေရိကန်နိုင်ငံသားတွေ လူ့သက်တမ်း ၁ နှစ် ပိုရှည်လာ (CDC)