သေနတ်ကိုင်ဆောင်မှုဆန့်ကျင်ရေးလှုပ်ရှားမှု ကန်ကျောင်းသားများ ဦးဆောင်စည်းရုံး

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ ပြီးခဲ့တဲ့သီတင်းပတ်က အထက်တန်းကျောင်း ပစ်ခတ်ခံရမှု အတွင်း အသက်မသေ လွတ်မြောက်လာသူတွေက ကျောင်းတွေမှာ နောက်ထပ် ပစ်ခတ်မှုတွေ မဖြစ်ရေး ထိရောက်တဲ့ ဆောင်ရွက်မှုတွေ တောင်းဆိုတဲ့အနေနဲ့ နောက်လကျရင် မြို့တော် ဝါရှင်တန်နဲ့ အချက်အချာကျတဲ့ မြို့တွေမှာ ချီတက်ပွဲတွေ လုပ်သွားမယ့်အကြောင်း ကြေညာလိုက်ပါတယ်။

အသက်တွေ မဆုံးရှုံးရစေဖို့ ကျောင်းသားတွေ အနေနဲ့ ချီတက်ကြမှာ ဖြစ်တယ်လို့ ကျောင်းသူ တဦး ဖြစ်တဲ့ Cameron Kasey က မနေ့ တနင်္ဂနွေနေ့က ABC ရုပ်သံကို ပြောဆိုခဲ့တာပါ။ အမျိုးသား ရိုင်ဖယ် အသင်းထံကနေ ငွေကြေးလက်ခံနေတဲ့ နိုင်ငံရေးသမားတွေ အရှက်တရား ရရှိသွားစေရေးက အခုချီတက်ပွဲရဲ့ အကြောင်းရင်းတရပ် ဖြစ်တယ်လို့ Kasey က ပြောဆိုခဲ့ပါတယ်။

လူတွေသေကြေရတဲ့အထိ ဖြစ်ရပ်ဆိုးကြီးတွေကို ဦးတည်စေတဲ့ သေနတ်ကိုင်ဆောင်မှု အလေ့အထတွေကို အမျိုးသား ရိုင်ဖယ် အသင်းက မြှင့်တင် ဆောင်ရွက်နေတယ် လို့လည်း သူမက ပြောဆိုပါတယ်။ နောက် ကျောင်းသူ တဦး ဖြစ်တဲ့ Emma Gonzalez ကတော့ သမ္မတ Donald Trump၊ ဖလော်ရီဒါ ပြည်နယ် အထက်လွှတ်တော် အမတ် Marco Rubio၊ အုပ်ချုပ်ရေးမှူး Rick Scott တို့ အားလုံးတို့ဟာ အမျိုးသား ရိုင်ဖယ် အသင်းရဲ့ ထောက်ခံမှုကို ရရှိထားကြတယ်လို့ ABC ရုပ်သံကို ပြောဆိုခဲ့ပါတယ်။

သမ္မတ Trump ကတော့ အထက်တန်း ကျောင်းသူကျောင်းသားတွေနဲ့ဆရာ ဆရာမတွေရဲ့ အသံတွေကို နားထောင်ဖို့အတွက်လို့ ဆိုတဲ့ တွေ့ဆုံပွဲတခုကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်သွားမယ့်အကြောင်း သမ္မတ အိမ်ဖြူတော်က ပြောဆိုထားပေမဲ့ အသေးစိတ်ကိုတော့ ပြောမထားသေးပါဘူး။

Your browser doesn’t support HTML5

သေနတ်ကိုင်ဆောင်မှုဆန့်ကျင်ရေးလှုပ်ရှားမှု ကန်ကျောင်းသားများ ဦးဆောင်စည်းရုံး