အမေရိကန်က ယူကရိန်းစစ်သားတွေအတွက် စစ်သင်တန်းပို့ချပေးတဲ့ အစီအစဉ်အသစ်ကို မနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့က ဂျာမနီနိုင်ငံမှာ စတင်လိုက်ပါပြီ။ ဒီသင်တန်းကနေ လာမယ့် သီတင်းပတ် ၅ ပတ်ကနေ ၈ ပတ်အတွင်း ရုရှားကို ခုခံတော်လှန်နိုင်မယ့် တိုက်ခိုက်ရေးစစ်သား ၅၀၀ လောက် မွေးထုတ်ပေးနိုင်မယ်လို့ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Mark Miley က ပြောပါတယ်။
ဒီသင်တန်း အစီအစဉ်ကို ဗိုလ်ချုပ်ကြီး Mark Miley ဒီကနေ့ ကိုယ်တိုင် ကြည့်ရှု လေ့မှာ ဖြစ်ပါတယ်။ အခုသင်တန်းတက်နေကြတဲ့ ယူကရိန်းစစ်သားတွေဟာ လွန်ခဲ့တဲ့ ရက်ပိုင်းကဘဲ ယူကရိန်းကနေ ရောက်လာကြတာလို့ ဆိုပါတယ်။ သင်တန်းသားတွေဟာ ဂျာမနီမှာ လက်နက်အပြည့်အစုံနဲ့ လေ့ကျင့်ခွင့်ရကြမှာပါ။
သင်တန်းကို ဘယ်အချိန်မှာစမယ်ဆိုတဲ့ ရက်အတိအကျကို ပြောဆိုဖို့ အမေရိကန်စစ်ဌာနချုပ် ပင်တာဂွန်က နောက်ဆုံးအချိန်ထိ ငြင်းဆိုနေခဲ့တာပါ။ အခုပို့ချပေးနေတဲ့ စစ်သင်တန်းဟာ ယူကရိန်းစစ်သားတွေအနေနဲ့ ထိုးစစ်ဆင်တဲ့နေရာမှာ ပိုပြီး ထိရောက်မှုရှိအောင်နဲ့ ရုရှားဘက်က တပ်အင်အားတိုးမြင့်ပြီး ထိုးစစ်ဆင်လာတာကို တန်ပြန် ခုခံ တိုက်ခိုက်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်း ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း ဒီနီပရို (Dnipro) မြို့က ရုရှားမစ်ဇိုင်းဒုံး ထိမှန်ရာက အဆောက်အဦထဲမှာ ကလေးတယောက် အပါအဝင် ၃၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။
Your browser doesn’t support HTML5
[Unicode]