ကန် - မြောက်ကိုရီးယား နျူကလီးယားဆွေးနွေးပွဲ ရုတ်တရက် ရပ်ဆိုင်း

အမေရိကန်နှင့် ဆွေးနွေးရန် စတော့ဟုမ်းမြို့သို့ ရောက်ရှိလာသည့် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့။ (အောက်တိုဘာ ၃၊ ၂၀၁၉)

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား နျူကလီးယားအရေးဆိုင်ရာ အဆင့်မြင့်အရာရှိတွေရဲ့ အလုပ်သဘော ဆွေးနွေးပွဲကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ စနေနေ့က ပြန်စခဲ့ပေမယ့် ဆွေးနွေးပွဲစတင်ပြီး ခဏအကြာမှာပဲ ပြီးဆုံးသွားတယ်လို့ မြောက်ကိုရီးယား နျူကလီးယား ညှိနှိုင်းရေးမှူး Kim Myong Gil က ပြောကြားလိုက်ပါတယ်။

ညှိနှိုင်းဆွေးနွေးမှုတွေဟာ သူတို့မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အတွက် နောက်ဆုံး ရပ်ဆိုင်းလိုက်တာဖြစ်ကြောင်း Kim Myong Gil က စတော့ဟုမ်းက မြောက်ကိုရီးယားသံရုံးအပြင်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမယ့် နာရီပိုင်းအကြာမှာပဲ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Morgan Ortagus က ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး မြောက်ကိုရီးယားအစိုးရ ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနဦး မှတ်ချက်ပေး ပြောကြားမှုဟာ စနေနေ့ ၈ နာရီခွဲကြာ ဆွေးနွေးမှုရဲ့ အဓိကအချက် ဒါမှမဟုတ် ဆွေးနွေးတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ထင်ဟပ်မှုမရှိကြောင်း ပြောဆိုပါတယ်။

ဒါ့အပြင် အခုဆွေးနွေးမှုဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ပထမဆုံးအကြိမ် စင်ကာပူဆွေးနွေးပွဲရဲ့ ပူးတွဲသဘောတူညီချက်ပါ အဓိကအချက်ကြီး ၄ ချက်ကို ဦးစားပေး ဆွေးနွေးခဲ့တာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအချက်တွေထဲမှာ ငြိမ်းချမ်းရေး၊ ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားကင်းစင်ရေး၊ ပျောက်ဆုံးနေတဲ့ ကျန်အမေရိကန်တပ်သားတွေ ပြန်ရရေးတို့ ပါဝင်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ကိစ္စရပ်အားလုံးကို ဆက်လက်ဆွေးနွေးဖို့ လာမယ့် သီတင်း ၂ ပတ်အတွင်း ဆွီဒင်အစိုးရက ကမကထလုပ်ပြီး စတော့ဟုမ်းမှာ ဆွေးနွေးပွဲတွေ ပြန်ကျင်းပပေးမယ့် ဖိတ်ကြားချက်ကိုလည်း လက်ခံဖို့ အမေရိကန်ပြည်ထောင်စုက အဆိုပြုခဲ့တယ်လို့ နိဂုံးချုပ် ဖော်ပြထားပါတယ်။ ဒီဖိတ်ကြားချက်ကို အမေရိကန်ပြည်ထောင်စုက လက်ခံခဲ့တယ်လို့လည်း Ortagus က ပြောပါတယ်။

------------------------------

(Unicode)








Your browser doesn’t support HTML5

ကန် - မြောက်ကိုရီးယား နျူကလီးယားဆွေးနွေးပွဲ ရုတ်တရက် ရပ်ဆိုင်း