အမေရိကန်အောက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်ပါတီ လွှတ်တော်အမတ် နေရာ ၂၁၈ နေရာ အနိုင်ရလိုက်ပြီဖြစ်တဲ့အတွက် အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်ပါ ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ ရီပတ်ဘလစ်ကန်ပါတီက ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။
Arizona ပြည်နယ် မဲရလဒ်နဲ့ မဲရေတွက်တာ ကြန့်ကြာနေတဲ့ California ပြည်နယ်ကရလဒ်ထွက်လာချိန်မှာ ရီပတ်ဘလစ် ကန်ပါတီအနေနဲ့ အောက်လွှတ်တော် အမတ်နေရာအများစုကို သေချာပေါက်ထိန်းချုပ် လိုက်နိုင်တာပါ။ မဆိုစလောက် အသာနဲ့ လွှတ်တော်ကို အများစုထိန်းချုပ်ပြီးတဲ့နောက် ရီပတ်ဘလစ်ကန်ခေါင်းဆောင်တွေအနေနဲ့ ဖက်ဒရယ်အစိုးရ ပြုပြင် ပြောင်းလဲရေးအပါအဝင် ရွေးကောက်ခံသမ္မတ Donald Trump ရဲ့မျှော်မှန်းချက်တွေကို အမြန်ဆုံးအကောင်အထည်ဖေါ်လာဖို့ ရှိပါတယ်။
သမ္မတအဖြစ်တာဝန်ယူချိန်မှာ တိုင်းပြည်အတွင်း အကြီးမားဆုံး တရားမဝင် ရွှေ့ပြောင်းဝင်ရောက် လာသူတွေကိုနေရပ်ပြန်ပို့သွားမယ်လို့ Donald Trump က ပြောထားပါတယ်။ တချိန်တည်းမှာ အခွန်တွေ လျှော့ချပေးတာကိုသက်တမ်းတိုးပြီး နိုင်ငံရေးရန်ဘက်တွေကို အပြစ်ပေးတာ၊ ဖက်ဒရယ် အစိုးရရဲ့ အာဏာအရှိဆုံး လုပ်ပိုင်ခွင့်တွေကိုရယူတာ၊ အမေရိကန်စီးပွားရေးကို ပြန်လည်ပုံဖေါ် ပြောင်းလဲတာတွေ လုပ်သွားမယ်လို့ ပြောဆိုထားပါတယ်။လောလောဆယ်မှာတော့ Trump က အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ခန့်အပ်နေပြီး ဒီလို ခန့်ထားမှုတွေမှာ အထက်လွှတ်တော်အနေနဲ့ အမြန်ဆုံး အတည်ပြုပေးမယ့်ပုံ ရှိပါတယ်။
လွှတ်တော်နှစ်ရပ်စလုံးကို ရီပတ်ဘလစ်ကန်ပါတီက ထိန်းချုပ်လိုက်တဲ့အတွက် ရွေးကောက်ခံ သမ္မတ Donald Trump အကောင်အထည်ဖေါ်မယ့်အစီအစဉ်အားလုံးကို ဒီမိုကရက်ပါတီ လွှတ်တော်အမတ် တွေ ထိထိရောက်ရောက် ကန့်ကွက်နိုင်တော့မှာမဟုတ်ဘဲ ရီပတ်ဘလစ်ကန်ပါတီက အလွယ်တကူ ကျော်လွှားပြီး အကောင်အထည်ဖေါ်နိုင်တော့မယ့်အခြေအနေဖြစ်ပါတယ်။
Your browser doesn’t support HTML5