အကျိတ်အနယ်ယှဉ်ပြိုင်ရမယ့်ပြည်နယ်တွေမှာ သမ္မတလောင်းနှစ်ဦး မဲဆွယ်စည်းရုံးနေ

ရီပတ်ဘလစ်ကန်သမ္မတဟောင်းလည်းဖြစ် လက်ရှိသမ္မတကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်နယ်ထရမ့် (ဝဲ) နဲ့ ရီပတ်ဘလီကင် လက်ရှိ ဒု-သမ္မတလည်းဖြစ်၊ သမ္မတကိုယ်စားလှယ်လည်းဖြစ်တဲ့ ကင်မလာဟဲရစ်တို့ရဲံ မဲဆွယ်စည်းရုံးပွဲတွေက ပုံရိပ်များ။ (အောက်တိုဘာ ၃၀၊ ၂၀၂၄)

အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ၆ ရက်အလိုမှာ သမ္မတလောင်းနှစ်ဦးဟာ အကျိတ်အနယ် ယှဉ်ပြိုင်ရမယ့်ပြည်နယ်တွေမှာ ဆက်ပြီးမဲဆွယ်စည်းရုံးနေကြပါတယ်။

ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် Harris နဲ့ ရီပတ်ဘလီကန်ကိုယ်စားလှယ် Trump တို့နှစ်ဦးစလုံးဟာ နှစ်ဘက်မဲတွေအကျိတ်အနယ်ဖြစ်နေတဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်နဲ့ Wisconsin ပြည်နယ်တွေ ကို ဦးတည် မဲဆွယ်စည်းရုံးရေးခရီးတွေ သွားနေပါတယ်။

ဒုသမ္မတ Harris ကတော့ အရှေ့ဘက် Pennsylvania ပြည်နယ်ကိုလည်း မဲဆွယ်စည်းရုံးရေးသွားမှာပါ။ အဲဒီ ပြည်နယ်သုံးခုနဲ့အတူ မစ်ရှီဂန်ပြည်နယ်၊ ဂျော်ဂျီယာပြည်နယ်၊ နာဗာဒါးပြည်နယ်နဲ့ အရီဇိုးနား ပြည်နယ်တွေဟာ ကိုယ်စားလှယ်နှစ်ဦးစလုံးအတွက် အရေးပါနေပြီး ရွေးကောက်ပွဲအနိုင်ရဖို့ အချက်အချာပြည်နယ်တွေဖြစ်တယ်လို့ သမ္မတလောင်းနှစ်ဦးစလုံးက ယူဆထားပါတယ်။

Wisconsin ပြည်နယ်မှာတော့ ပြည်နယ်တွင်း အကျော်အမော်တဦးဖြစ်တဲ့ အမေရိကန်ဘောလုံး အားကစားသမားဟောင်း Brett Favre က Green Bay မြို့မှာလုပ်တဲ့ သမ္မတဟောင်း Trump မဲဆွယ်စည်းရုံးပွဲကို တက်ရောက်ဖို့ ရှိပါတယ်။ Wisconsin ပြည်နယ် မြို့တော် Madison မှာလုပ်မယ့် ဒုသမ္မတ Harris ရဲ့မဲဆွယ်ပွဲကိုတော့ လူငယ်ပရိတ်သတ်တွေကြားအထင်ကရရှိတဲ့ ဂီတအကျော်အမော် အတော်များများ တက်ရောက်ပါလိမ့်မယ်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ် Raleigh မြို့မှာလုပ်တဲ့ မဲဆွယ်ပွဲမှာတော့ သူ့အနေနဲ့ သူ့ကို မထောက်ခံသူအပါအဝင် အမေရိကန်ပြည်သူအားလုံးအတွက်သမ္မတဖြစ်ရပါမယ်လို့ ဒုသမ္မတ Harris က ထပ်လောင်းကတိပြုပါတယ်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ် Rocky Mount မှာလုပ်တဲ့ သမ္မတဟောင်း Trump ရဲ့ မဲဆွယ်ပွဲမှာ တော့ငွေကြေးဖောင်းပွမှုနဲ့ တိုင်းပြည်ထဲ ရာဇဝတ်သားတွေဝင်ရောက်မှုကို ဟန့်တားတိုက်ဖျက်မယ်လို့ Trump က ကတိပေးပါတယ်။

Your browser doesn’t support HTML5

 အကျိတ်အနယ်ယှဉ်ပြိုင်ရမယ့်ပြည်နယ်တွေမှာ သမ္မတလောင်းနှစ်ဦး မဲဆွယ်စည်းရုံးနေ