အရှေ့အလယ်ပိုင်းအရေး ဒေသတွင်းခေါင်းဆောင်တွေနဲ့ ကန်နိုင်ငံခြားရေးဝန်ကြီးဆွေးနွေး

အဘူဒါဘီမှာ UAE သမ္မတ Sheikh Mohamed bin Zayed al-Nahyan (လယ်) နဲ့တွေ့ဆုံဆွေးနွေးနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ) (ဇန်နဝါရီ ၈၊ ၂၀၂၄)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE သမ္မတ Sheikh Mohammed bin Zayed Al Nahyan အပါအဝင် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား Mohammed bin Salman တို့နဲ့ ဒီကနေ့ တွေ့ဆုံပြီးနောက် အစ္စရေးနိုင်ငံကို ဆက်ပြီး သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပိုပြီးရရှိရေး၊ အရပ်သားတွေထိခိုက်မှု အကာအကွယ်ပေးရေးနဲ့ ဂါဇာပဋိပက္ခ တခြားဒေသတွေကို မပြန့်ပွါးရေး စတာတွေကို ဖိအားပေးဖို့ Blinken ဟာ နှစ်ဖက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ရှိပါတယ်။

တနင်္ဂနွေနေ့က ဝန်ကြီး Blinken ဟာ ဂျော်ဒန်ဘုရင်ဒုတိယမြောက် Abdullah နဲ့ ကြင်ယာတော်တို့ကိုတွေ့ဆုံခဲ့ပြီး အစ္စရေး-ဟာမတ်စ် စစ်ပွဲအတွင်းအရပ်သားသေဆုံးမှုတွေကို တားဆီးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ တိုးပေးဖို့ လိုတဲ့အကြောင်း ပြောပါတယ်။ ဒါပေမဲ့လည်း အနာဂတ် ဟာမတ်စ်အကြမ်းဖက်တွေရဲ့ ခြိမ်းခြောက်မှုတွေကို အပြီးသတ်ချေမှုန်းနိုင်ဖို့ ရည်ရွယ်တဲ့ အစ္စရေးရဲ့ အပစ်ရပ်စဲဖို့ ငြင်းဆိုချက်ကို အမေရိကန်က ဆက်ပြီးထောက်ခံထားပါတယ်။ ဂါဇာကို မထိန်းချုပ်နိုင်မချင်း အစ္စရေးက ဟာမတ်စ်တွေကို ဆက်ပြီး တိုက်ခိုက်သွားမယ်လို့ ပြောဆိုထားတာပါ။

ဝန်ကြီး Blinken ဟာ ဂျော်ဒန်နိုင်ငံ Amman မှာရောက်နေတဲ့ အချိန်အတွင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ WFP ရဲ့ ဂါဇာဒေသကို အကူအညီတွေပေးပို့ဖို့ ပြင်ဆင်ထားတဲ့ ကုန်သိုလှောင်ရုံကို သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။

Your browser doesn’t support HTML5

အရှေ့အလယ်ပိုင်းအရေး ဒေသတွင်းခေါင်းဆောင်တွေနဲ့ ကန်နိုင်ငံခြားရေးဝန်ကြီးဆွေးနွေး