မက္ကဆီကိုနယ်စပ် စာနာမှု ဒေါ်လာ ၄ ဘီလျံချထားရေး ကန်အထက်လွှတ်တော် အတည်ပြု

အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်တလျှောက် လူသားချင်းစာနာမှုပြဿနာ ဖြေရှင်းရေးဆိုင်ရာ အဆိုပြုချက် ဥပဒေမူကြမ်းတရပ်ကို အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကင်နဲ့ ဒီမိုကရက် ပါတီကြီး ၂ ရပ်စလုံးက ဗုဒ္ဓဟူးနေ့က အတည်ပြုပေးခဲ့ပါတယ်။ နောက်ထပ် ရံပုံငွေ ဒေါ်လာ သန်း ၄ ထောင်ကျော် ချထားပေးဖို့နဲ့ ဖမ်းဆီးထားတဲ့ တရားမဝင်ရွှေ့ပြောင်းသူတွေ အထူးသဖြင့် ကလေးငယ်တွေကို စောင့်ရှောက်ဖို့ကိုပါ ထည့်သွင်း ပြဌာန်းပေးမယ့် ဥပဒေ ဖြစ်ပါတယ်။

အထက်လွှတ်တော်မှာ ထောက်ခံမဲ ၈၄ မဲ ကန့်ကွက်မဲ ၈ မဲနဲ့ အတည်ပြုပေးလိုက်တာပါ။ အဖမ်းခံနေရတဲ့ ကလေးငယ်တွေ အပေါ် သမ္မတ Trump အစိုးရအဖွဲ့ရဲ့ ကိုင်တွယ်ပုံနဲ့ အမေရိကန်ပြည်ထောင်စုထဲ ဝင်နိုင်ဖို့ Rio Grande မြစ်ကို ဖြတ်ကူးရင်း El Salvador က သားအဖ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မကျေနပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရချိန်မှာ အခုလို မဲပေး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီနယ်စပ်ဒေသကို တလအတွင်း တရားမဝင်လာရောက်သူပေါင်း တသိန်းကျော်ဖြစ်လာပြီး ဆယ်နှစ်ကျော် ကာလအတွင်း အများဆုံး ဖြစ်လာနေချိန်မှာ ရီပတ်ဘလစ်ကင်တွေ ဦးဆောင်တဲ့ အထက်လွှတ်တော်က ခုလို အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

အထက်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ဒီဥပဒေကြမ်းကို သမ္မတ Donald Trump ဆီ တင်သွင်းနိုင်ဖို့ ဒီမိုကရက်တွေ ကြီးစိုးတဲ့ အောက်လွှတ်တော်က အတည်ပြုပေးရဦးမှာ ဖြစ်ပါတယ်။ ရှေ့သီတင်းပတ်ထဲမှာ အမေရိကန် လွတ်လပ်ရေးနေ့ အားလပ်ရက် ကျရောက်မှာ ဖြစ်တဲ့အတွက် လွှတ်တော်မနားခင် တိုတောင်းတဲ့ ရက်အတွင်း လုပ်ဆောင်နိုင်ဖို့တော့ လိုအပ်နေတာပါ။

Your browser doesn’t support HTML5

မက္ကဆီကိုနယ်စပ် စာနာမှု ဒေါ်လာ ၄ ဘီလျံချထားရေး ကန်အထက်လွှတ်တော် အတည်ပြု