(Zawgyi / Unicode)
မြန်မာနိုင်ငံမှာ အသွင်ဆောင် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးနေပေမယ့်လည်း သိသာထင်ရှားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတုန်းဘဲလို့ အမေရိကန်နိုင်ငံခြားရေးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက တရားစီရင်ခြင်း မရှိဘဲ ဥပဒေမဲ့ သတ်ဖြတ်တာ၊ လူတွေပျောက်သွားအောင် လုပ်ဆောင်တာ၊ ညှဉ်းပမ်း နှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ အပြင် တခြား လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်တာ၊ အစိုးရက ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းတာ၊ အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်အပြစ်ပေးတာ၊ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်တွေကို အဓမ္မ ချိုးဖောက်တာ၊ တရားစီရင်ရေး စနစ်ကို ဝင်ရောက်စွက်ဖက်တာ၊ လွတ်လပ်စွာပြောဆိုခွင့်ကို ပြင်းထန်စွာ ကန့်သတ် ချုပ်ချယ်တာနဲ့ သတင်းမီဒီယာ သမားတွေကို ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းတာ၊ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြသူတွေကို ဖမ်းဆီး ထိန်းသိမ်းတာ အပါအဝင် လွတ်လပ်စွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ကို ကန့်သတ် ချုပ်ချယ်တာ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ပြင်းထန်စွာ ကန့်သတ် ချုပ်ချယ်တာ၊ လွတ်လပ်စွာ သွားလာခွင့်ကို ကန့်သတ် ချုပ်ချယ်တာ၊ အစိုးရအရာရှိတွေက အကျင့်ပျက်ခြစားမှုတွေ ကျူးလွန်တာ၊ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းတာ၊ လူမှောင်ခိုကူးတာ၊ လူမျိုးတခု၊ ဘာသာတရားတခုခုကို ပစ်မှတ်ထားပြီး ခြိမ်းခြောက် အကြမ်းဖက်တာ၊ လိင်တူခြင်းဆက်ဆံသူတွေကို ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေတွေ ချမှတ်ပြဌာန်းတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေကြောင်း အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ အစီရင်ခံစာမှာ အကျယ်တဝင့် ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင် ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်ချုပ်ချယ်မှု ဖြစ်ပေါ်နေတာတွေကိုလည်း အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အသွင်ဆောင် ပါလီမန်စနစ်ကို ကျင့်သုံးပြီး ဖွဲ့စည်းပုံအရ သမ္မတကို လွှတ်တော်က ရွေးချယ်တယ် ဆိုပေမယ့်လည်း လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတာ ၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ဒေသ လုံခြုံရေးဝန်ကြီးဌာန စတဲ့ အရေးပါတဲ့ ဌာနတွေကို စစ်တပ်က ရွေးချယ်ခန့်အပ်နေဆဲ ဆိုတာကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်တပ်က ကျူးလွန်ခဲ့တဲ့၊ ကျူးလွန်နေဆဲဖြစ်တဲ့ ပြစ်မှုတွေကို အပြစ်ပေးအရေးယူခြင်း မရှိတာ၊ တခါတရံမှာ ပြစ်မှုကျူးလွန်တဲ့ အရာရှိတွေကို အစိုးရက အရေးယူပေမယ့်လည်း ပြစ်မှုနဲ့ ကျခံရတဲ့ ပြစ်ဒဏ် မမျှတ တာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း လူသတ်တာ၊ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်တိုက်ခိုင်းတာ၊ ကလေးငယ်တွေနဲ့ အသက်ပြည့်ပြီး သူတွေကို လုပ်အားပေးခိုင်းစေတာ၊ တိုက်ပွဲဒေသတွေမှာ ရှိနေတဲ့ အရပ်သားပြည်သူတွေကို အကာကွယ်ပေးဖို့ ပျက်ကွက်တာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေကြောင်းလည်း အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5
(Unicode)