သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးသဘောထားကွဲသူတွေကို အရေးယူမှု မြန်မာအစိုးရ ရပ်တန့်သင့်


နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို တရားစွဲဆိုမှု ရပ်တန့်ရေး အင်းစိန်အကျဉ်းထောင်ရှေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုမြင်ကွင်း။ (ဓာတ်ပုံ - မင်းသွေးသစ်၊ ဇန်နဝါရီ ၂၅၊ ၂၀၂၀)
နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို တရားစွဲဆိုမှု ရပ်တန့်ရေး အင်းစိန်အကျဉ်းထောင်ရှေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုမြင်ကွင်း။ (ဓာတ်ပုံ - မင်းသွေးသစ်၊ ဇန်နဝါရီ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

လူ့အခွင့်အရေး အခြေအနေအပေါ် နိုင်ငံတကာရဲ့စိုးရိမ်မှု၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်း၊ ငြိမ်းချမ်းရေးစိန်ခေါ်မှုတွေနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရချိန် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ပညာရှင်တွေကို မတရားပုဒ်မတွေနဲ့ ထပ်ပြီး တရားစွဲဆိုနေတာတွေ ရပ်တန့်ပေးဖို့ တရားလွှတ်တော်ရှေ့နေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ ရှေ့နေနဲ့ စာပေအနုပညာရှင်တွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တရားစွဲဆိုမှုတွေ ရုပ်သိမ်းပေးဖို့ ပြောဆိုသလို နိုင်ငံရေးအကျဉ်းသားဟောင်းတွေကလည်း ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ဒီကနေ့ အင်းစိန်အကျဉ်းထောင်ရှေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်ထဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်၊ လူနည်းစု ရိုဟင်ဂျာ မွတ်စလင်တွေ လူမျိုးတုံး သတ်ဖြတ်မှုတွေအထိ ရင်ဆိုင်နေရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံ နိုင်ငံတကာတရားခုံရုံး ICJ မှာ ရင်ဆိုင်ဖြေရှင်းနေရချိန်မှာပဲ ရိုဟင်ဂျာဆိုတဲ့ အသုံးကို လက်ခံမထားတဲ့ မြန်မာနိုင်ငံတွင်းမှာပဲ စစ်တပ် အာဏာပိုင်တွေဘက်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီ အင်အားစုတွေအပေါ် ဥပဒေပုဒ်မမျိုးစုံနဲ့ တရားစွဲဆို ထောင်ချနေတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ကော်မတီကို ထောက်ခံပွဲက ဟောပြောချက်တွေဟာ တပ်မတော်ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွဲချက်နဲ့ စစ်တပ်က ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုတာ ခံထားရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ကဗျာဆရာ ဦးစောဝေတို့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဒီတရားစွဲဆိုမှုတွေကို ရုပ်သိမ်းပေးဖို့နဲ့ မတရားပုဒ်မတွေနဲ့ တရားစွဲဆိုမှုတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံရေး ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွေနဲ့ နိုင်ငံအတွက် အရေးကြီးချိန်မှာ အခုလို တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်အရေးယူနေတာမျိုးတွေ မလုပ်အပ်ဘူးဆိုတာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ဆင်ခြင်တုံတရားနဲ့ စဉ်းစားစေချင်တယ်လို့ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံထားရသည့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်။ (ဓာတ်ပုံ - စောဝေ)
သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံထားရသည့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်။ (ဓာတ်ပုံ - စောဝေ)

“ကျနော် သတင်းပါးချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ရော ဗိုလ်ချုပ်မှူးကြီးရော ပြောထားတဲ့စကား ရှိပါတယ်။ ပြည်တွင်းညီညွတ်ရေး တည်ဆောက်ရမယ်။ ကျနော်တို့ ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ ကာကွယ်ရမယ်။ ကျနော်တို့ အဲဒီလိုလုပ်မှ ဖြစ်တော့မယ့်အချိန် ရောက်ပြီ။ အဲတော့ စိတ်သဘောထား ကြီးကြပါလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြောပါတယ်။ ခွင့်လွှတ်ကြပါ တယောက်နဲ့တယောက်။ အဲဒီစကားတွေကို စကားအဖြစ်နဲ့တင် မဟုတ်ဘဲနဲ့ စကားတည်စေချင်ပါတယ်။

“ကျနော်တို့လို အသက် ၇၅ နှစ်ရှိတဲ့ ဥပဒေပညာရှင်တွေ၊ ကဗျာဆရာတွေ၊ ဒီလိုပုဂ္ဂိုလ်ကြီးတွေ တိုင်းပြည်ရဲ့အသိ ဦးနှောက်တွေကို ဒီလိုနည်းနဲ့ ကလေးကလား၊ ၅၀၅ (က) ဆိုပြီးတော့ ကျနော်လည်း မပြောတဲ့ စကားလုံးတွေအပေါ်မှာ အပြစ်ရှာပြီးတော့ ကျနော်တို့ရော ကိုစောဝေရော မလုပ်သင့်တာ မလုပ်သင့်ဘူး။ ဒီအချိန်မှာ ကျနော်တို့ ညီညွတ်ရမယ့်အချိန် ရောက်နေပြီ။ တိုင်းပြည်မျက်နှာထောက်ပြီး တိုင်းပြည်ဒုက္ခရောက်မယ့် တိုင်းသူပြည်သားတွေရဲ့မျက်နှာ ထောက်ပြီးတော့ ဒီရွေးကောက်ပွဲအမီ ကျနော်တို့ရဲ့ ပြောတာဆိုတာတွေလည်း လိုအပ်ပါလိမ့်မယ်။ အဲဒီလို လိုအပ်နေတဲ့အချိန်မှာ ကျနော်တို့ အသံတိတ်အောင် လုပ်ပြီးတော့ ကျနော်တို့ကို ဒီလိုထည့်ထားတာ ကျနော်တို့နိုင်ငံရဲ့ အကျိုးကျေးဇူးကို ထိခိုက်တယ်၊ ပြည်သူ့အကျိုးစီးပွားကို ထိခိုက်နိုင်ပါတယ်။ အဲဒါကြောင့် ဒါကိုတော့ ပြန်လည်သုံးသပ်ပေးစေချင်ပါတယ်လို့ ကျနော် ပြောချင်ပါတယ်။”

ဒီကနေ့မှာပဲ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့မှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ စုဝေးပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့တကွ မတရား ဖမ်းဆီးခံပြည်သူတွေ အမြန်ဆုံး လွတ်မြောက်ရေး အပါအဝင် အကျဉ်းသား အခွင့်အရေးတွေနဲ့အညီ အကျဉ်းထောင်ဥပဒေ ပြင်ဆင်ရေး စတဲ့ နိုင်ငံရေး တောင်းဆိုချက်တွေကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အင်းစိန်ထောင်ရှေ့က ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်တဲ့ မင်းသွေးသစ်က နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ တရားစွဲဆိုမှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။

“ကျနော်တို့ဦးဆောင်တာက နိုင်ငံရေးအကျဉ်းသား ပြစ်မှုအသီးသီးကြောင့် ကျခံပြီးတော့ ပြန်လည်လွတ်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အားလုံး စုပေါင်းပြီး လုပ်ဆောင်တာပါ။ အဓိကတော့ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ စစ်တပ်တရားစွဲလို့ ရှိနေသေးတာ ဒါတွေကို အမှုတွေ မပြတ်သေးတာ၊ နောက် တချို့တွေ ဖမ်းဆီး ထောင်ချထားပြီး အမိန့်ချပြီးသား ဖြစ်နေတာပေါ့၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့။ နောက်ပြီး လက်ရှိ စွဲနေတဲ့ အမှုတွေက ရပ်စဲပေးဖို့ဆိုတဲ့ အဓိက ရည်ရွယ်ချက်ပေါ့။ နောက်တခုက အကျဉ်းထောင်စနစ် ပြုပြင်ရေး၊ ဒီမိုကရေစီစနစ်ကျရေးနဲ့ တရားစီရင်ရေးစနစ်မှာ တကယ်အပြစ်ရှိတဲ့သူကိုပဲ အပြစ်ပေးရေးဆိုတဲ့ ရည်ရွယ်ချက်တွေလည်း ပါပါတယ်။”

လက်ရှိ အကျပ်အတည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေတွေကို သိရှိနားလည်နိုင်ဖို့ လိုအပ်တယ်လို့ မြန်မာပြည်သူတွေ အနေနဲ့လည်း သတင်းအချက်အလက်တွေ သိရှိခွင့်၊ နားထောင်ခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြောဆိုခွင့်လို ဒီမိုကရေစီ အခြေခံစံနှုန်းတွေနဲ့အညီ ရရှိဖို့ လိုတယ်လို့လည်း တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။

“ကျနော့်ကို အသံတိတ်အောင် လုပ်တာပါ။ ကျနော့်ကို အသံတိတ်အောင်လုပ်တာ တိုင်းပြည်ကို အသံတိတ်အောင် လုပ်သလို ဖြစ်တယ်။ ပြည်သူကိုလည်း ကြောက်ရွံ့သွားစေအောင် လုပ်လိုက်တာပေါ့။ ဒီအချိန်မှာ ပြည်သူတွေက ကြောက်ရွံ့နေရမယ့်အချိန် မဟုတ်ဘူး။ ရဲတင်းပြီး ညီညွတ်နေရမယ့်အချိန် ဖြစ်ပါတယ်။ ပြည်သူလူထုကြီးကိုလည်း ကျနော်ပြောချင်တာက ကျနော့်ကိုလုပ်လိုက်လို့ ကျနော်ခံရပါစေ၊ ကျနော်ခံရဲပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ ကြောက်မသွားပါနဲ့၊ အသံမတိတ်ပါနဲ့။ အမှန်တရားဆိုတဲ့ ခင်ဗျားတို့အသံတွေ ထုတ်ကြပါ။ သူတို့ ဘယ်လောက်ပဲ ကျနော်တို့ခေါင်တွေကို နှိမ်ပေမယ့်လို့ မှန်မှန်ကန်ကန် ဖြစ်သင့်တာကို ကြိုးစားကြပါ။ စိတ်ဓာတ်မကျပါနဲ့။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း၊ ဒီဥပဒေ မပြင်ဘဲနဲ့တော့ ဒီနိုင်ငံ ဘယ်တော့မှ မတိုးတက်ဘူး။ အသံတွေ မတိတ်ကြပါနဲ့လို့ အဲဒါတော့ ကျနော် ပြည်သူလူထုကို Message ပေးချင်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၆၃၁ ဦးအထိ ရှိနေပြီး အကျဉ်းချခံနေရသူပေါင်း ၇၄ ဦး၊ ထောင်တွင်းချုပ်နှောင်ထားပြီး လက်ရှိ တရားရင်ဆိုင်နေရသူ ၁၇၂ ဦးနဲ့ ပြင်ပကနေ တရားရင်ဆိုင်နေရသူပေါင်းက ၃၈၅ ဦးအထိ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလရဲ့ နောက်ဆုံးစာရင်းကောက်ခံမှု စာရင်းမှာ ဖော်ပြထားပါတယ်။

---------------------------------

(Unicode)













တိုက်ရိုက် လင့်ခ်


XS
SM
MD
LG