သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဘာသာရေးလွတ်လပ်ခွင့်အပေါ် အမြင်တချို့


အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ ( 2019)
အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ ( 2019)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ဟာ စိုးရိမ်ဖွယ် အခြေအနေမှာ ရှိနေတယ်ဆိုတာ မှန်ကန်တယ်လို့ ပြည်ပရောက် မြန်မာနိုင်ငံသား တချို့က သုံးသပ်ပါတယ်။ ဒါပေမဲ့ ဒါဟာ အစိုးရရဲ့ မူဝါဒနဲ့ မသက်ဆိုင်ဘူးလို့ မြင်သူတွေလည်း ရှိပါတယ်။

အမေရိကန်က နှစ်စဉ်ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာ ထွက်ပေါ်လာအပြီး အခုလိုပြောဆိုလိုက်ကြတာပါ။ ဒီအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင် က စုစည်းတင်ပြထားပါတယ်။

အမေရိကန်အစိုးရက ဒီဇင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို စိုးရိမ်ရတဲ့ နိုင်ငံများစာရင်းမှာ ဆက်လက် ထည့်သွင်းထားပါတယ်။ ၁၉၉၈ ခုနှစ်ကချမှတ်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ဥပဒေအရ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့မှာ ဘာသာရေးလွတ်လပ်ခွင့် စနစ်တကျ ချိုးဖောက်ခံနေရတယ်၊ ချိုးဖောက်မှုတွေ ဆက်ဖြစ်နေပြီး ဒါကို အစိုးရက လက်ပိုက်ကြည့်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ အထူးသဖြင့် ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ်မှာရော အခြားလူနည်းစု ဘာသာဝင်တွေ အပေါ်မှာပါ ဘာသာရေးအရ၊ လူမျိုးရေး အရ ဆိုးဝါးတဲ့ လူ့အခွင့်ချိုးဖောက်မှုတွေ လုပ်ခဲ့တာကြောင် တပ်မတော်ခေါင်းဆောင် ၄ ဦးကို အမေရိကန်က အရေးယူ ဒဏ်ခတ်ခဲ့တာကို ဥပမာပေး ဖေါ်ပြထားပါတယ်။ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုဥပဒေအရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါဝင်၊ ဒုဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ အမှတ် ၉၉ ခြေလျင်တပ်မမှူး ဗိုလ်ချုပ်သန်းဦးနဲ့ ၃၃ ခြေလျင်တပ်မမှူး ဗိုလ်ချုပ်အောင်အောင်တို့ကို အမေရိကန်ဘဏ္ဍာရေး ဌာနက နိုင်ငံတကာလူ့အခွင့်အရေးနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဒဏ်ခတ်အရေးယူခဲ့တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံကတော့ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူးဆိုတဲ့အချက်ကို ပယ်ချထားပါတယ်။

အမေရိကန်အစိုးရရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာဟာ မြန်မာနိုင်ငံရဲ့လက်တွေ့အခြေအနေကို ထင်ဟပ်စေပါသလား။ အစ္စလမ်ဘာသာဝင် တဦးဖြစ်တဲ့ ကနေဒါနိုင်ငံမှာနေထိုင်သူ ဦးညွန့်လှက ခုလို ရှင်းပြပါတယ်။

“အတော်မှန်ပါတယ် မြန်မာနိုင်ငံထဲမှာ အစ္စလာမ်ဘာသာဝင်တွေကို ခွဲခြားဆက်ဆံတာတွေက အမြောက်အများ ရှိတယ်ဗျ။ အစ္စလာမ် ဘာသာဝင် နိုင်ငံသားတွေဟာ passport နိုင်ငံကူးလက်မှတ်တွေလုပ်တဲ့နေရာမှာ တော်တော် အခက်အခဲရှိတာတွေ၊ အကန့်အသတ်တွေ ရှိတာတွေ့ရတယ်။ နောက်နံပတ် ၂ အချက်က အသက် ၁၂ နှစ်ပြည့်ပြီးတဲ့ ကလေးတွေ မှတ်ပုံတင်လျှောက်ထားတဲ့နေရာမှာ လူမျိုးရေးတို့ ၊ သွေးနှောတယ်ဆိုတာတွေနဲ့ ခွဲခြားဆက်ဆံပြီးတော့အခက်အခဲများစွာနဲ့ တွေ့နေရတယ်။ နောက်တခါ ဗလီကျောင်း တော်တော်များများ ပိတ်ဆို့ ခံထားရတယ်။ ရခိုင်ဒေသမှာရှိတဲ့ ဗလီတွေကိုဆိုရင် တော်တော်နဲ့ လုံး၀ ဖွင့်မပေးဘူး။ စာသင်ကျောင်းတွေ ဖွင့်မပေးဘူး။ ဒါမျိုးတွေရှိတယ်။ နောက်တခါ ဘာသာပေါင်းစုံ စုပေါင်းပြီးတော့ အခမ်းအနားအစီအစဉ်မျိုးတွေ တချို့ကိစ္စတွေမှာတောင် ပိတ်ပင်တာရှိတယ်။”

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် အော်ဘာနီမြို့ ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းက နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဇဝနကတော့ ဒီနှစ်အစောပိုင်း မြန်မာနိုင်ငံမှာ မဘသ အစွန်းရောက် သံဃာအဖွဲ့ရဲ့လှုပ်ရှားမှုတွေ အားကောင်းခဲ့တာကြောင့် အဲဒီအချက်ပေါ် အခြေခံပြီး အမေရိကန်က အစီရင်ခံစာရေးဆွဲခဲ့ပုံရကြောင်း တုန့်ပြန်ပါတယ်။

“တခါတုန်းကတော့ မဘသ ဆိုတဲ့ အဖွဲ့အစည်းကို တရားဝင်နီးပါး ရပ်တည်ခွင့်ပေးပြီးတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပြုခဲ့တဲ့ အချိန်တုန်းက ဘာသာခြားဖြစ်တဲ့ အထူးသဖြင့် မွတ်ဆလင်တွေရဲ့ လှုပ်ရှားမှုတိုင်းကို လှုပ်လို့မရအောင် အကြီးအကျယ် အသုံးချပြီးတော့ နိုင်ငံရေး အမြတ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့အချိန် တခုရှိခဲ့တယ်ဆိုတာတော့ သေချာတယ်။ အဲဒီအရှိန်ဟာ မသေပဲနဲ့ ဒီဘက်အစိုးရ လက်ထက်သစ် ရောက်တဲ့အချိန်မှာ ဒီအစိုးရကလည်း အဲလိုလုပ်တယ်ဆိုပြီးတော့အဲဒီရဲ့အရှိန် ရိုက်ခတ်တယ်လို့ထင်တယ်။ တနိုင်ငံလုံး အစိုးရတရပ်လုံးက နေပြီးတော့ အဲဒီဘာသာကို နှိပ်ကွပ်တာ မဟုတ်ဘူး။”

ဒါပေမဲ့လည်း ခရစ်ယာန်ဘာသာဝင်အများစုရှိတဲ့ ချင်းပြည်နယ်လို ဒေသမျိုးမှာတော့ ဝတ်ပြုဆုတောင်ပွဲတွေကနေ ဘုရားကျောင်းဆောက်တဲ့ လုပ်ဆောင်မှုတွေအထိ အာဏာပိုင်တွေရဲ့ ပိတ်ပင်တားမြစ်မှုတွေ အခုအချိန်ထိ ခံနေရဆဲဖြစ်ကြောင်း အမေရိကန် အင်ဒီယားနားပြည်နယ်က ခရစ်ယာန်ဓမ္မဆရာ ဦးဟရယ်မန်းက ထောက်ပြပါတယ်။

“မြန်မာပြည်မှာ တရားမျှတမှု မရှိဘူးဆိုတာကတော့ ကျနော်ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရစ်ယာန်တွေအတွက်လည်း ဘုရား ကျောင်းတွေဆောက်တဲ့အချိန်မှာ အစိုးရက မှတ်ပုံတင်ခွင့်မပေးဘူး။ တချို့ဆိုရင် ဘုရားကျောင်းတွေ ဆောက်တဲ့နေရာကို ပိတ်ထားတာတွေ ရှိတယ်။ နောက်ပြီးတော့ ခရစ်ယာန်တွေက အိမ်မှာ အစုလိုက် Fellowship ပေါ့နော် အတူတကွ ဆုတောင်း သီချင်းဆိုတယ်။ ဒါမျိုးတွေကို ပိတ်ပင် ထားတာတွေရှိတယ်။ နောက်ပြီး Missionary ဧဝံဂေလိ တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ပိတ်ပင်ထားတာတွေရှိတယ်။ နောက်ပြီးတော့ မြန်မာ ဗဟိုအစိုးရက ဘာသာရေးအတွက် ငွေရေးကြေးရေးအထောက်အပံ့တွေလည်း ဗုဒ္ဓဘာသာအတွက်ပဲ သုံးတယ်။ ဘာသာရေး Freedom မရှိကြဘူး။”

လူတိုင်းဟာ ဘယ်နေရာမှာမဆို ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်လို့ အမေရိကန်ပြည်ထောင်စုက ယုံကြည်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘာသာရေးနဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်တဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို သူတို့ရဲ့ လုပ်ရပ်အတွက် တာဝန်ခံစေဖို့ အမေရိကန်က ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဒီဇင်ဘာ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်နေဆဲ စိုးရိမ်ရတဲ့ နိုင်ငံစာရင်းထဲ ဖေါ်ပြခံရတဲ့နိုင်ငံတွေကတော့ မြန်မာအပြင်၊ တရုတ်၊ အီရီထြီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား၊ တာဂျစ်ကစ္စတန်နဲ့ တပ်ခ်မန်နစ္စတန် နိုင်ငံတွေ ပါဝင်ကြပါတယ်။

တိုက်ရိုက် လင့်ခ်


......................


(Unicode)













ဆက်စပ်သတင်းများ ...

XS
SM
MD
LG