(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ် ပိတ်ပင်ခံနေရဆဲပဲလို့ မြန်မာ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ ဆန္ဒပြပွဲအများအပြား ရှိခဲ့ပေမယ့်လည်း ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေလို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အဟန့်အတားဖြစ်စေတဲ့ ဥပဒေတွေ ရှိနေသေးတာကို ထောက်ပြကြပါတယ်။
ဒီအကြောင်း ဗွီအိုအေသတင်းထောက် မမေခက ပြောပြပါမယ်။
လက်ရှိ ပြည်သူ့အစိုးရလို့ခေါ်တဲ့ ဒီမိုကရေစီ အစိုးရ လက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့် တိုးတက်လာ မယ်လို့ တက်ကြွ လှုပ်ရှားသူတွေနဲ့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ် ခဲ့ကြပေမယ့် တကယ်လက်တွေ့မှာ တော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ ထင်သလောက် တိုးတက်လာတာမရှိခဲ့ဘူးလို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့က သုတေသနမှူးကိုပြည့်ဖြိုးအောင် ဆိုပါတယ်။
“အမှန် ငြိမ်းစုစီဆိုတဲ့ သဘောတရားက နိုင်ငံသားတယောက်ချင်းဆီရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်ကိုကာ ကွယ်ပေးရ မှာပါ။ ထောက်ခံသည်ဖြစ်စေ၊ ကန့်ကွက်နေတာဖြစ်စေ ဒီဥပဒေအရ ကို အကာအကွယ်ပေးရမှာပါ။ ဆန္ဒပြသူတွေလုံခြုံရေး အပြင် ဆန္ဒပြနေစဉ်အတွင်းမှာလဲ ကာကွယ်ပေးနိုင် ရပါမယ်။ အခုက အဲလိုမဟုတ်ဘူး။ဆန္ဒပြ တယ်၊ စာတင်တယ်၊ ခွင့်ပြုချက်မရရင် ပိတ်ပင်တယ်။ အဲတော့ သက်ဆိုင်ရာပြည်ထဲရေးတို့အုပ်ချုပ်ရေးဘက်က လူတွေက သူတို့ မကျေနပ်ရင် မကျေနပ်သလို၊ လိုသလို ပုံဖော်နေ သလိုဖြစ်နေ တာပေါ့။ နောက်ပြီး တိုင်းဒေသတွေမှာ ဆိုလဲ ဘယ်မြို့နယ်မှာ ဆန္ဒပြလို့မရတာ ဆိုတာ ပိတ်ပင်တာမျိုးတွေ လည်းထွက် လာတယ်။ လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိတယ်လို့လူတယောက်ချင်း ဆီမှာ သို့သော် မင်းတို့က ဘယ်ဟာတော့ မပြောသင့်ဘူး။ အဲလို တိုက်ရိုက်တော့မတားဘူး။ သွယ်ဝိုက်သော နည်းနဲ့ ပိတ်ပင်တာ လို့ ကျနော်တို့ ယူဆတယ်။”
မကြာသေးခင်က လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ကထုတ်ပြန်ထားတဲ့ စစ်တမ်းမှာ လည်း ငြိမ်းစုစီ ဥပဒေလို့လူသိများတဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေဟာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် ကို အဆင် ပြေစေဖို့ထက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်ကို အဟန့်အတားဖြစ်စေတဲ့ ဥပဒေတခု ဖြစ်နေသလို လူ့အခွင့် အရေးကို ကန့်သတ်နေတယ် လို့ဖော်ပြ ထားပါတယ်။
တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့က ကိုရဲမျိုးဟိန်းကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့လုပ်နေတဲ့ နိုင်ငံတခုအနေနဲ့ ဒီအခြေအနေက အန္တရာယ်ရှိတဲ့ အခြေအနေတခုဖြစ်နေတာကြောင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့် ကန့်သတ်တာတွေကိုလျော့ချဖို့နဲ့ နိုင်ငံရေး အကျိုးစီးပွားအတွက် အသုံးချတာကို ရပ်ဖို့ လိုတယ်လို့ ထောက်ပြပါ တယ်။
“အများပြည်သူရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပလက်ဖောင်းကို ချဲ့ပေးဖို့လိုပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပလက်ဖောင်းကို မချဲ့ပဲနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုတာကို ကိုယ့်ရဲ့နိုင်ငံရေး အကျိုးစီးပွားအတွက်ဘဲ သုံးမယ်ဆိုရင် ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံတွေမှာ အရမ်း အန္တရာယ်ရှိပါတယ်။ ကိုယ့်ရဲ့ နိုင်ငံရေး အကျိုးစီးပွားကို မြှင့်ဖို့အတွက်ကို လွတ်လပ်စွာ ထုတ်ပြောခွင့် ပလက်ဖောင်းတွေကို သုံးမယ်ဆို ဘယ်ဘက်က သုံးသုံး အန္တရာယ်ရှိတယ်။ ဒီပလက်ဖောင်းတွေက တဆင့် တဘက်နဲ့ တဘက်ကြားမှာ နိုင်ငံရေးတိုက်ပွဲတွေ တိုက်လာတာ ဆိုရင်တော့ ပိုပြီးတော့ အန္တရာယ်ရှိတယ်လို့ ကျနော်မြင်ပါတယ်။”
လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခဲ့လို့ တရား ရင်ဆိုင်နေရ တဲ့ ဥပဒေ ပညာရှင်တဦး ဖြစ်တဲ့ ရှေ့နေ ဦးကြီးမြင့်ကတော့ မြန်မာနိုင်ငံမှာ တည်ဆဲဥပဒေတချို့ကို မတရားဖိနှိပ်ဖို့အတွက် ရည်ရွယ် အသုံးချနေတာတွေကြောင့် လွတ် လပ်စွာ ထုတ်ဖော်ခွင့် အကန့်သတ်ခံနေရတယ်လို့ ဝေဖန်ပါတယ်။
“ကိုယ်တိုင်ခံနေရတာဗျာ။ သဘောတရား ကိုပြောနေတာမဟုတ်ဘူး။ လွတ် လပ်စွာ ထုတ်ဖော်ခွင့် ဆိုရင် လုမျိုးစုတွေ ခြိမ်းခြောက် ခံနေရတယ်။ အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ ဆရာဆရာမတွေ ၊ ဝန်ထမ်းတွေ ခြိမ်းခြောက် ခံနေရတာတွေ ရှိတယ်။ ဒါတွေအားလုံးဟာ တပ်ကခြိမ်းခြောက် တာကတမျိုး စစ်တပ်ကတော့ ပိုဆိုးတာပေါ့ဗျာ။ သူက တပ်ဆိုတော့ ဘယ်သူ့မှကို ဂရုစိုက်တာမဟုတ်ဘူး။ အစိုးရဘက်ကလည်း ဦးသိန်းစိန် လက်ထက်ကထက် တိုးတက်လာတာ မတွေ့ရဘူးဗျာ။ အဲဒါကြောင့် ခြိမ်းခြောက် ခံနေရတာ အမှန်ဘဲလို့ အတည်ပြုပါတယ်ဗျာ။”
အသံအဖွဲ့ရဲ့ ဆန်းစစ်ချက် အရ ၂၀၁၉ ခုနှစ်အတွင်းမှာ ဆန္ဒပြပွဲပေါင်း ၃၀၀ကျော်ရှိ ပြီး အဲဒီထဲက အမျိုးသားရေး ဝါဒ လှုံဆော် ဆန္ဒပြပွဲ၊ အစိုးရထောက်ခံပွဲ၊ တပ်မတော်ထောက်ခံပွဲနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒပြပွဲတွေ အတော်များများဟာ အုပ်ချုပ်ရေး ယန္တရား ရဲ့ မျက်နှာသာအပေး ခံရတဲ့ ဆန္ဒပြပွဲ တွေ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
ငြိမ်းစုစီ ဥပဒေနဲ့ တရားစွဲခံရတဲ့ အမှုပေါင်း ကတော့ ၁၂ မှု ရှိခဲ့ပြီး တရားစွဲခံရသူက အယောက် ၆၀နီးပါးရှိကာ ဒီထဲမှာတက်ကြွလှုပ်ရှားသူ အယောက် ၅၀နီးပါးနဲ့ ကျောင်းသား ၉ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
........................
(Unicode)