သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားခွင်ဆုံးဖြတ်ချက်တွေ သြဇာလွှမ်းမိုးမှုကင်းဖို့ မြန်မာတက်ကြွသူတွေတောင်းဆို


ဒီမိုကရစီဖော်ဆောင်နေတဲ့ အရပ်သားအစိုးရလက်ထက် တရားခွင်တွေမှာ ဥပဒေပုဒ်မမျိုးစုံ နဲ့ တရားရင်ဆိုင်နေရဆဲ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက တရားရံုံးဆုံးဖြတ်ချက်တွေဟာ သြဇာလွှမ်းမိုးမှုကင်းပြီး အမှန်တရားနဲ့ တရားမျှတမှုရှိဖို့ လိုလားပြီး ဒီတရားစွဲဆိုမှုတွေဟာ လွတ်လပ်စွာဆန္ဒထုတ်ဖော်မှုတွေကို ကန့်သတ်တဲ့ဒီမိုကရေစီမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပြောဆို လိုက်ပါတယ်။ တရားစွဲဆို ထောင်ချခံထားရတဲ့ လှုပ်ရှားသူတွေကို ဒီသီတင်းပတ်ထဲမှာပဲ ထပ်တရားစွဲတာ အပြီးသတ်အမိန့်ချဖို့တွေ ရှိနေပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ပြည်တွင်းစစ်ရပ်စဲရေး၊ စစ်ရှောင်ဒုက္ခသည်အရေးဆန္ဒပြတဲ့ငြိမ်းချမ်းရေးတောင်းဆိုသူတွေ နောက် မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကို ထင်ဟပ်စေတဲ့ သင်္ကြန်သံချပ်ထိုးသူကျောင်းသူတွေ ကချင်စစ် ၈နှစ်ပြည့်၊ 7July နှစ်ပတ်လည်အခမ်းအနားစတဲ့ နိုင်ငံရေးငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်သူတွေကို တပ်မတော်၊ ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အာဏာပိုင်တွေဘက်က ဥပဒေပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုနေတာဖြစ်ပါတယ်။ တချို့ကိုတော့ ဒီသီတင်းပတ်အတွင်းမှာပဲ တရားထပ်စွဲဆိုတာ အပြီးသတ်အမိန့်ချဖို့တွေရှိနေပါတယ်။

7July အောက်မေ့ဘွယ်နေ့အထိမ်းအမှတ်-နှစ်စဉ်ပုံမှန်ချီတက်နေကြဖြစ်ပေမဲ့ ဒီ့နှစ် ၂၀၁၉ခုနှစ်မှာ ကျောင်းသားသမဂ္ဂ အဆောက်အအုံဟောင်းကို သွားရောက် အလေးပြုခဲ့ကြတဲ့ ကျောင်းသားတွေကို ကမာရွတ်ရဲစခန်းနဲ့ လှိုင်ရဲစခန်း တာဝန်ရှိသူတွေဘက်က အသီးသီး တရားစွဲဆိုခံခဲ့ရပါတယ်။ လာမယ့် သြဂုတ်လ ၂၈ရက်နေ့မှာတော့ ကမာရွတ်တရားရုံးက အမိန့်ချမှာဖြစ်တယ်လို့ တရားစွဲဆိုခံရသူတဦးဖြစ်တဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ) နဲ့ အိုးဝေစာသင်ကျောင်းတာဝန်ခံ ကိုမင်းသွေးသစ်က ပြောပါတယ်။

“ကျနော်တို့ နောက်ဆုံးအခြေအနေကတော့ အပြန်အလှန်လည်း အားလုံးစစ်ပြီးသွားပြီ။ တရားသူကြီးကလည်း လာမယ့် ၂၈ ရက်နေ့ နေ့လည် ၂ နာရီကို အမိန့်ချမယ်လို့ပြောပါတယ်။ အမိန့်ချမှာက ဘယ်လိုပုံစံ ချမလဲမသိဘူး။ ဒါပေမယ့် ကျနော်တို့ အမှုစရင်ဆိုင်ကတည်းက ကျနော်တို့ ရှေ့နေမဌားပဲ ကိုယ့်ဟာကိုယ် ရင်ဆိုင်ဖို့ဆိုတာရယ်။ နောက်ပြီးတော့ အကယ်၍အမိန့်ချခဲ့ရင် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် မှာ ထောင်ဒဏ်ပဲရွေးဖို့ဆိုပြီးတော့ အဲဒီဆုံးဖြတ်ချက်ကို ကျနော်တို့လိုက်နာမယ်။ ဒီပုဒ်မ ၁၉ နဲ့ ငြိမ်းစုစီ ပုဒ်မတွေရယ် ဥပဒေကြောင်းအရလည်း တရားစွဲတာ မမှန်ကန်သလို ဒီမိုကရေစီ စနစ်ကို သွားနေတဲ့အချိန်မှာ ဒီမိုကရေစီရဲ့ စံချိန်စံညွှန်း တွေ အဓိပ္ပါယ်သတ်မှတ်ချက်တွေ ဆန့်ကျင်နေတဲ့ ပုဒ်မတွေရယ် ဒါတွေက အစကတည်းက မှားနေတဲ့ ကိစ္စတွေပါပဲ။”

လက်ရှိထောင်တွင်းအကျဉ်းချခံထားရတဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့ ကျောင်းသားတွေကိုလည်း နောက်ထပ် ထပ်ပြီး အမှုထပ်တိုး တရားစွဲဆိုမှုတွေရှိနေပါတယ်။ ဒီလိုအခြေအနေတွေဟာ အရပ်သားအစိုးရလက်ထက် တိုင်းပြည်မှာ နိုင်ငံသားအခွင့်အရေးနဲ့အညီ လွတ်လပ်စွာဆန္ဒထုတ်ဖော်ပြောဆိုခွင့်တွေ ထိပါးခံလာရတဲ့အနေအထားဖြစ်နေတယ်လို့ ကချင်စစ်ရှစ်နှစ်ပြည့်ချိန် ပြည်တွင်းစစ်ရပ်ဖို့နဲ့ စစ်ရှောင်ပြည်သူတွေအရေး ငြိမ်းချမ်းစွာသရုပ်ဖော်တင်ဆက်ခဲ့တဲ့အပေါ် ပုဒ်မ ၁၉နဲ့ မြစ်ကြီးနားရဲစခန်းက တရားစွဲဆိုခံထားရတဲ့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူ မဆိုင်းနုပန် ကလည်း အခုလိုပြောပါတယ်။

“၁၆ ရက်နေ့ကပဲ ကျမတို့သက်သေတွေကို စစ်ဆေးတာ နောက်ဆုံးပြီးသွားပြီပေါ့နော်။ အခုလာမယ့် ၂၆ ရက်မှာ လျှောက်လဲချက်ပေးမယ်။ တရားသူကြီးကနေ စစ်မယ်ပေါ့။ အဓိကတော့ ဒါက အထိန်းအမှတ်ပွဲဖြစ်တဲ့အတွက် သူတို့ကိုယ်တိုင်ကလည်း ခွင့်ပြုချက်မလိုပါဘူးလို့ ပြောထားတာကို ဆိုလိုတာက ဥပဒေလမ်းကြောင်းအရ တရားစွဲတာက မဖြစ်သင့်ဘူးလို့မြင်တယ်။ တယောက်ယောက်ရဲ့ ဖိအားပေးမှုကြောင့် တရားစွဲဆိုတာမျိုး မဟုတ်ပဲနဲ့ ကျမတို့ကတော့ အခုလောလောဆည်တော့ တရားရေးဘက်မှာပဲ အားကိုးနေတယ်ပေါ့နော်။ ဆိုလိုတာက တရားရေးဘက်က ဆုံးဖြတ်ချက်ချပေးမှာဆိုတော့ ။ ဆိုလိုတာက မှန်ကန်တဲ့ တရားမျှတတဲ့ တရားစီရင်ရေး ဖြစ်ဖို့အတွက် မျှော်လင့်တယ်။ ပြည်သူလူထုအားလုံးကလည်း ဒါကို မျှော်လင့်တယ်လို့ မြင်ပါတယ်။”

နိုင်ငံသားတွေရဲ့ အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ မလျော်ညီ ခေတ်နဲ့မညီညွတ်တဲ့ ဥပဒေပုဒ်မတွေနဲ့ နိုင်ငံသားအခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ တရားစွဲဆိုထောင်ချနေတာတွေအပေါ် တရားခွင်တွေအထိ သွားရောက် လေ့လာကြဖို့ရှိတယ်လို့အသံ-လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့က သုတေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင်က အခုလိုပြောပါတယ်။

“ အာဏာရှိတဲ့လူတွေ အာဏာပိုင်တွေကနေပြီးတော့ ဒီလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က သူတို့က ရည်ရွက်ချက်ရှိရှိ တစိုက်မတ်မတ်လုပ်လာတာကို တွေ့ရတယ်ပေါေ့နာ်။ အခုက သူတို့ ကျောင်းသားလူငယ်တွေ ပြီးတဲ့အခါမှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက လူ့အခွင့်အရေးချိုးဖောက်ခံရပြီဆိုရင် ပြောမှာပဲ ဆိုမှာပဲ ။ တိုက်ပွဲတွေဖြစ်နေရင် ငြိမ်းချမ်းရေးရအောင် ပြောကြဆိုကြမှာပဲ။ အဲဒီအခါမှာ မဟုတ်တဲ့ မမှန်တဲ့လူ လူ့အခွင့်အရေးချိုးဖောက်တဲ့သူတွေကို ပြောမှာပေါ့နော်။ ဒါပေမယ့် ပြဿနာက လက်ရှိ စစ်တပ်ရော ၊ အာဏာရ ပါတီ ရော ၊ အစိုးရအဖွဲ့အစည်း တစိတ်တပိုင်းရောက လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်။ ကျနော်တို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ကျောင်းသားလူငယ်တွေ ပြောခွင့်ဆိုခွင့်မရအောင် သူတို့က ဖမ်းဆီးထားတာကို သူတို့အနေနဲ့ ပိုလုပ်လားတဲ့ သဘောမှာ ရှိနေတယ်လို့ မြင်ပါတယ်။”

ဒါ့အပြင် စစ်ရေးပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်နွယ်မှုတွေနဲ့ မသင်္ကာလို့ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးမှုတွေရှိသလို တရားမဝင်အသင်းနဲ့ဆက်သွယ်မှုတွေနဲ့ ဖမ်းဆီးထောင်ချနေသလိုကျောင်းသားလူငယ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငြိမ်းစုစီပုဒ်မ ၁၈။၁၉၊ ပုဒ်မ ၆၆ စတဲ့ပုဒ်မအသီးသီးနဲ့ တရားစွဲဆိုခံရမှုတွေ ရှိနေပြီး အကျဉ်းထောင်တွေထဲ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတဲ့အနေအထားအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း အကျဉ်းသားအရေး လှုပ်ရှားသူတွေနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားသူတွေဘက်က ပြောဆိုနေကြချိန်လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG