ယီမန်နိုင်ငံ ဟူသီသူပုန်နယ်မြေတွေကို ကန်တိုက်ခိုက်

ယီမင်နိုင်ငံ ဆာနားမြို့တော်မှာ ဟူသီသူပုန်ထောက်ခံသူများ ဆန္ဒပြနေကြစဉ် (ဒီဇင်ဘာ ၂၇၊ ၂၀၂၄)

ဒေသတွင်းမှာ တင်းမာမှုတွေ တိုးလာနေချိန်မှာဘဲ ယီမင်နိုင်ငံတွင်းက ဟူသီ သူပုန်တို့ ထိန်းချုပ်ရာ နယ်မြေတွေကို အမေရိကန် တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။ ယီမင်နိုင်ငံ မြို့တော် ဆာနား အပါအဝင် ဟူသီ သူပုန်တို့ ထိန်းချုပ်ရာ ကမ်းရိုးတန်း ဒေသတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း အမေရိကန် ဗဟို ကွပ်ကဲရေး ဌာနက အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပါတယ်။

ဟူသီ သူပုန်တို့ရဲ့ ကွပ်ကဲရေးနဲ့ ထိန်းချုပ် ဌာနတွေ အပြင် ဒုံးကျည်တွေနဲ့ အဝေးထိန်း ဒရုန်းယာဉ်တွေ အပါအဝင် လက်နက် သိုလှောင်ရာ ထုတ်လုပ်ရာ ဒေသတွေကိုပါ အမေရိကန် ရေတပ် သင်္ဘောတွေက ဒီဇင်ဘာလ ၃၀ နဲ့ ၃၁ ရက်နေ့တို့မှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Aden ပင်လယ်ကွေ့နဲ့ ပင်လယ်နီ တောင်ပိုင်းမှာ အမေရိကန် ရေတပ် သဘောၤတွေနဲ့ ကုန်တင် သင်္ဘောတွေကို တိုက်ခိုက်မှုတွေမှာ ဟူသီ သူပုန်တို့ အရင်က အသုံးပြုခဲ့တဲ့ ဌာနတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်ကြောင်းလည်း အမေရိကန် ကြေညာချက်က ဖော်ပြပါတယ်။ အီရန်တို့ ထောက်ပံ့နေတဲ့ ဟူသီ သူပုန်တွေ အနေနဲ့ ဒေသတွင်းက အမေရိကန်ရဲ့ မိတ်ဖက်တွေနဲ့ ဒေသတွင်းက ကုန်တင် သင်္ဘောတွေကို ခြိမ်းခြောက်နေတာတွေ လျော့သွားစေရေး အမေရိကန် ဗဟိုကွပ်ကဲရေး ဌာန CENTCOM ရဲ့ ဆောင်ရွက်ချက် တစိတ်တပိုင်း ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

ဟူသီ ပြောခွင့်ရကတော့ ဒီတိုက်ခိုက်မှုဟာဆိုရင် အချုပ်အခြာ အာဏာပိုင် လွတ်လပ်တဲ့ နိုင်ငံကို ပေါ်ပေါ်တင်တင် အကြမ်းဖက်မှု၊ အစ္စရေးကို ပြောင်ပြောင်တင်းတင်း ထောက်ခံမှု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ယီမန်နိုင်ငံ ဟူသီသူပုန်နယ်မြေတွေကို ကန်တိုက်ခိုက်