ရေကြောင်းကုန်သွယ်ရေးမှာ အဓိကကျတဲ့ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ထဲမှာ သွားလာနေတဲ့ သင်္ဘောတွေကို အနှောက်အယှက်ပေးပြီး တနှစ်ပတ်လုံး ပစ်ခတ်တိုက်ခိုက်နေတဲ့ ဟူသီအဖွဲ့တွေရဲ့ လက်နက်စခန်းတွေကို အမေရိကန်က B-2 ဗုံးကြဲ လေယာဥ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ ဒါဟာဖြင့် တဘက်ရန်သူကို သူတို့ ဘယ်လောက်ပဲ ပုန်းလျှိုကွယ်လျှို နဲ့ အပြင်းအထန် တိုက်ခိုက် တိုက်ခိုက် သူတို့ကို ရအောင်ရှာဖွေပြီး တိုက်ခိုက် ချေမှုန်းနိုင်စွမ်းရှိတဲ့ အမေရိကန်ရဲ့ သူမတူ စွမ်းပကားကို ပြသလိုက်တာပဲလို့ ဝန်ကြီး Austin က ပြောပါတယ်။
ဂါဇာစစ်ပွဲ ဖြစ်နေချိန်မှာ ပါလက်စတိုင်းတွေဘက်က သွေးစည်း ထောက်ခံမှု ပြတဲ့အနေနဲ့ အီရန်နိုင်ငံ ကျောထောက်နောက်ခံ ပေးထားတဲ့ ဟူသီသူပုန်တွေဟာ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ထဲ သွားလာနေကြတဲ့ ကုန်တင်သင်္ဘောကြီးတွေကို သင်္ဘောငယ်တွေ၊ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်နေပါတယ်။
ဒီလို တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ အမေရိကန်နဲ့ ဗြိတိန် တပ်ဖွဲ့တွေက လေကြောင်းကနေ အကြိမ်ကြိမ် ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်းကြီးတွေကတော့ သူတို့ သင်္ဘောတွေကို ဒီလမ်းကြောင်းကနေ ရှောင်ပြီး ကုန်ကျစရိတ် ပိုများပြီး ခရီး ပိုရှည်တဲ့ အာဖရိက တိုက်ဘက်ကနေ လမ်းကြောင်းပြောင်း သွာလာနေကြရပါတယ်။ ဟူသီ တွေရဲ့ ဥပဒေမဲ့ တိုက်ခိုက်မှုတွေကြောင့် လွတ်လပ်တဲ့ နိုင်ငံတကာ ကုန်သွယ် သွားလာမှုတွေ ထိခိုက်ရပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဆိုးတွေ ကျရောက်အောင်၊ အပြစ်မဲ့ အရပ်သားပြည်သူတွေရဲ့ ဘဝတွေ ထိခိုက်ရတဲ့အပြင် အမေရိကန်နဲ့ လက်တွဲ ဖက်နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေရဲ့ ဘဝတွေကို အန္တရာယ် ကျရောက်အောင် လုပ်နေတာလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြောဆိုခဲ့ပါတယ်။