ငါးဖမ်းလှေနစ်မြုပ်ရတဲ့ အကြောင်းရင်း ဗီယက်နမ် စုံစမ်း

မတ်လ ၂၀၁၄ တုန်းက ဗီယက်နမ် ငါးဖမ်းလှေတခုကို တွေ့ရစဉ်

တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားနေတဲ့ ရေပြင်မှာ ဗီယက်နမ် ငါးဖမ်းလှေတစင်း ဘာကြောင့် နစ်မြုပ်သွားသလဲဆိုတဲ့ အကြောင်းရင်းကို ဗီယက်နမ်နိုင်ငံက စုံစမ်းနေကြောင်း၊ အဲဒီငါးဖမ်းလှေကို တရုတ်သင်္ဘောက ဝင်တိုက်ခဲ့တယ်လို့ ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့က ပြောပြီး နောက်တရက်မှာပဲ ဗီယက်နမ် နိုင်ငံခြားရေးဌာနက စနေနေ့မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဗီယက်နမ်က အရှေ့ပင်လယ်လို့ခေါ်ဝေါ်တဲ့ အဲဒီဒေသမှာ စွမ်းအင်လောင်စာ ထုတ်လုပ်နိုင်ခြေရှိတာကြောင့် တရုတ်နဲ့ ဗီယက်နမ်တို့ကြား နှစ်ပေါင်းအတော်ကြာ ကတည်းက ရေပိုင်နက် အငြင်းပွားနေကြတာပါ။

ငါးဖမ်းလှေဟာ Paracel ကျွန်းစု (Da Loi)ကျွန်းနားမှာ ဗုဒ္ဓဟူးနေ့က နစ်သွားတာလို့ ဗီယက်နမ်နိုင်ငံခြားရေးဌာနကပြောပါတယ်။ နစ်သွားတဲ့ လှေပေါ်မှာ ငါးဖမ်းသမား ၅ ဦးပါပြီး သူတို့ကို အခြားဗီယက်နမ် ငါးဖမ်လှေတစင်းက ကယ်ဆယ်နိုင်ခဲ့ပါတယ်။

နစ်သွားတဲ့လှေကို တရုတ်သင်္ဘော တစင်းက ဝင်တိုက်ခဲ့တာလို့ ဗီယက်နမ် အမျိုးသားရှာဖွေ-ကယ်ဆယ်ရေး အေဂျင်စီက ပြောပေမဲ့ အဲဒီသင်္ဘောဟာ အရပ်သားသင်္ဘောလား စစ်သင်္ဘောလားဆိုတာကိုတော့ မပြောပါဘူး။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ကြာသပတေး နေ့တုန်းက ပြောဆိုရာမှာ နစ်သွားတဲ့ ငါးဖမ်းလှေနားကို တရုတ်သင်္ဘောက ချည်းကပ်သွားခြင်းသာဖြစ်ကြောင်း ၊ ငါးဖမ်းသမားတွေကိုလည်း တရုတ်သဘောၤသားတွေက ကယ်ခဲ့တာဖြစ်ကြောင်း တုံ့ပြန်ပါတယ်။