သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ် ကျင့်ဝတ်စည်းကမ်း အကောင်အထည်ဖေါ်ရေး ကန်တိုက်တွန်း


တောင်တရုတ်ပင်လယ်အတွင်း ပင်လယ်ရေကြောင်းသွားလာမှုဆိုင်ရာ ကျင့်ဝတ်စည်းကမ်းရေးဆွဲနေတာကို ထိရောက်တဲ့ တိုးတက်မှုတွေဖြစ်အောင်လုပ်ဆောင်ဖို့ အာဆီယံအဖွဲ့ကို အမေရိကန်ဒုသမ္မတ Mike Pence ကတိုက်တွန်းလိုက်ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်းတရုတ်ရဲ့ နယ်မြေချဲ့ထွင်မှုတွေနဲ့ပတ်သက်လို့ အရှေ့တောင်အာရှနိုင်ငံတချို့နဲ့ တရုတ်နိုင် ငံအကြားမပြေမလည်ဖြစ်နေတာ နှစ်အတော်ကြာလာနေပါပြီ။ အမေရိကန်ရဲ့တွန်းအားကြောင့် ဘယ်လိုထူးခြား မှုတွေရှိ လာနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး Ralph Jennings နဲ့ Nike Ching တို့ရဲ့သတင်းကို ကိုကျော်အောင်လွင် ဆက်ပြောပါ လိမ့်မယ်။

တောင်တရုတ်ပင်လယ်အတွင်း ပင်လယ်ရေကြောင်းသွားလာမှုဆိုင်ရာ လိုက်နာရမယ့်ကျင့်ဝတ်စည်းကမ်းတွေရေးဆွဲဖို့ တရုတ်နဲ့အာဆီယံနိုင်ငံအတွေအကြားသဘောတူပြီး ရေးဆွဲနေကြတာ သုံးနှစ်ကြာလာပါပြီ။ အခုချိန်ထိမပြီးသေးပါဘူး။ စင်္ကာပူနိုင်ငံမှာ အာဆီယံထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်နေတဲ့ အမေရိ ကန်ဒုသမ္မတ Mike Penceကတော့ ဒီရေးဆွဲမှု ကိုဆက်လုပ်ဖို့အမေရိကန်ဘက်ကတိုက်တွန်းတယ်လို့ စင်္ကာပူဝန်ကြီးချုပ်လီရှန်လုံးနဲ့ မနေ့ကပူးတွဲကျင်းပခဲ့တဲ့သတင်းစာရှင်းလင်း ပွဲမှာ ပြောခဲ့ပါတယ်။

"အာဆီယံဒေသတွင်းနိုင်ငံတွေအနေနဲ့ တောင်တရုတ်ပင်လယ်နဲ့ဆိုင်တဲ့ အဓိပ္ပါယ်ပြည့်ဝပြီးအာလုံးကိုခြုံငုံမိစေမယ့် ကျင့် ဝတ်စည်းကမ်းရေးဆွဲမှုတွေကိုဆက်ပြီးလုပ်ဆောင်ဖို့အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။ စင်္ကာပူအပါ အဝင် ဒေသတွင်းနိုင်ငံတွေအနေနဲ့ ကိုယ့်နဲ့ဆိုင်တဲ့ရေပိုင်နက်ထဲမှာ လေ့လာစူးစမ်းမှုတွေ၊ ကိုယ်ပိုင်ဆိုင်တဲ့ အရင်းအမြစ်တွေကို ရှာဖွေဖေါ်ထုတ်တာတွေ၊ ကိုယ်ရေပိုင်နက်အတွင်းလှုပ်ရှားသွားလာတာတွေနဲ့ ဒီလုပ်ငန်းတွေနဲ့ဆိုင်တဲ့ မိတ်ဖက်နိုင်ငံတွေ ရွေးချယ်ထူထောင်တာတွေကို လုပ်နိုင်ရပါလိမ့်မယ်"

တောင်တရုတ်ပင်လယ်ဟာ နိုင်ငံတခုက ပိုင်ဆိုင်တဲ့ပင်လယ်မဟုတ်ဘူးလို့လည်း အမေရိကန်ဒုသမ္မတ Mike Penceက ဆက်ပြောပါတယ်။

"တောင်တရုတ်ပင်လယ်ဟာ ဘယ်နိုင်ငံတခုခုကပိုင်ဆိုင်တဲ့အရာမဟုတ်ပါဘူး။ ဒါကို စင်္ကာပူဝန်ကြီးချုပ်အနေနဲ့ ခိုင်ခိုင်မာ မာယုံကြည်ထားနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာဥပဒေတွေက ခွင့်ပြုထားသလောက်လေ ကြောင်းပျံသန်းမှုတွေ ရေကြောင်းသွားလာမှုတွေကို ဆက်ပြီးလုပ်ဆောင်သွားမှာပါ။ ကျနော်တို့ရဲ့အမျိုးသားအကျိုးစည်း ပွါးကို ရှေ့တန်းတင်ပြီးလုပ်ဆောင်သွားမှာပါ"

အမေရိကန်ဘက်က အာဆီယံအဖွဲ့ကို အခုလိုတိုက်တွန်းနေပေမဲ့လည်း တကယ်တမ်းလက်တွေ့လုပ်ရတဲ့ကိစ္စမှာတော့ မလွယ်လှပါဘူး။ တောင်တရုတ်ပင်လယ်အတွင်းမှာလှုပ်ရှားဆောင်ရွက်နေတဲ့ တရုတ်ရဲ့ခြေလှမ်းတွေက အာဆီယံနိုင်ငံ တချို့အတွက် စိတ်ပူစရာပါ။ သူပိုင်တယ်ကိုယ်ပိုင်တယ်အငြင်းပွါးနေတဲ့ကျွန်းတွေမှာ တရုတ်ဘက်က ဆောက်လုပ်ရေး တွေလုပ်နေပြီး တချို့က စစ်ရေးမှာ အသုံးပြုဖို့ဖြစ်ပါတယ်။ တချို့နေရာတွေမှာလည်း လူလုပ်ကျွန်းတွေကိုဖန်တီးတည်ဆောက်နေတာ ပါ။ တောင်တရုတ်ပင်လယ်အတွင်းရေးပိုင်နက်ဆိုင်ရာအငြင်းပွါးမှုတွေက နိုင်ငံတွေရဲ့အချုပ်အခြာပိုင်ဆိုင်မှုတွေနဲ့လည်း ဆက်စပ်နေတာကြောင့် ရှုပ်ထွေးတဲ့ပြဿနာတွေဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ကျင့်ဝတ်စည်းကမ်းရေးဆွဲနိုင်ရေးက ထင်ထားတာထက်ပိုပြီးကြန့်ကြာနေတာပါ။ ရေပိုင်နက်အငြင်းပွါးမှုမှာပါဝင်ပတ်သက်နေကြတာက ဘရူးနိုင်းလ်၊ မလေးရှား အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတို့ကတဘက်၊ တရုတ်ကတဘက်ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ် အတွင်းမှာ ရေနံနဲ့သဘာဝဓါတ်ငွေ့ထွက်တဲ့နေရာတွေလည်းရှိနေတာကြောင့် ဒီသံယံဇာတအရင်းအမြစ်တွေရှာဖွေဖို့ အရေးမှာလည်း ရေပိုင်နက်ဆိုင်ရာအငြင်းပွါးမှုတွေကြောင့် ပြဿနာတက်နေကြတာပါ။ အချုပ်အခြာပိုင်ဆိုင်မှုကိစ္စကြောင့် ကျင့်ဝတ်ရေးဆွဲရေးကြန့်ကြာနေတာလို့ စင်္ကာပူနိုင်ငံ နန်ယန်းတက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာနက Oh Ei Sunက ပြောပါတယ်။

"အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိစ္စပေါ်လာတဲ့အခါတိုင်း ကျင့်ဝတ်ရေးဆွဲရေးဆိုင်ရာညှိနှိုင်းသူတွေအနေနဲ့ သူတို့ရဲ့နိုင်ငံ တွေကိုပြန်သွားပြီး ကြုံနေရတဲ့အခြေအနေတွေကို တိုင်ပင်ဆွေးနွေးကြဖို့လိုပါတယ်။ အဲဒီလိုလုပ်ဆောင်မှုတွေကလည်း အချိန်တော်တော်ကြာပါတယ်။"

တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းရေးဆွဲဖို့ အာဆီယံဘက်ကကမ်းလှမ်းခဲ့တဲ့ အစီအစဉ်ကို တရုတ်နဲ့စတင် ပြောဆိုခဲ့တာက ၁၉၉၆ခုနှစ်ကတည်းကဖြစ်ပြီး ညှိနှိုင်းပြောဆိုမှုတွေက လုပ်ချက် မလုပ်တချက်ရှိခဲ့ကြတာပါ။ ဒီကျင့်ဝတ် တွေကို အတည်ပြုနိုင်ဖို့ဆိုတာက ဒီကိစ္စမှာပါဝင်ပတ်သက်နေကြတဲ့နိုင်ငံတွေအားလုံးကကြီးမားတဲ့အားထုတ်ဖန်တီးမှုတွေ ကိုပြသရမှာဖြစ်သလို ဒီကျင့်ဝတ်စည်းကမ်းတွေပေါ်ပေါက်အောင်လုပ်လိုတဲ့ဆန္ဒလည်းခိုင်ခိုင်မာမာရှိဖို့လိုတယ်လို့ အာဆီယံရေးကြောင်းသွားလာမှုဆိုင်ရာလေ့လာရေးအဖွဲ့က အောက်တိုဘာလမှာပြောထားပါတယ်။ အခုလာမယ့်၂၀၁၉ခုနှစ် အတွင်း ကျင့်ဝတ်စည်းကမ်းမူကြမ်းတရပ်ကို ထွက်ပေါ်လာအောင်လုပ်ကြဖို့ အာဆီယံနိုင်ငံတွေကအားခဲထားကြပါတယ်။ တရုတ်ဝန်ကြီးချုပ် Li Keqiang ကတော့ ပိုင်နက်အငြင်းပွါးမှုပြဿနာတွေက ဒေသတွင်းနိုင်ငံတွေအနေနဲ့ဖြေရှင်းလို့ရတဲ့ ကိစ္စဖြစ်ပြီး ကျင့်ဝတ်စည်းကမ်းရေးဆွဲမှုကိုလည်း တရုတ်ဘက်က တက်တက်ကြွကြွနဲ့ဆက်ပြီးလုပ်ဆောင်သွားပါ့မယ့် အပြင် အပြီးသတ်သဘောတူညီမှုကိုလည်း လာမယ့်သုံးနှစ်အတွင်း တရုတ်ဘက်ကရစေချင်ပါတယ်လို့ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG