သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်မှာ ဗြိတိသျှသင်္ဘောဖြတ်သန်းမှု ရန်စမှုအဖြစ် တရုတ်စွပ်စွဲ


ဗြိတိသျှ တော်ဝင်စစ်သင်္ဘော HMS Albion
ဗြိတိသျှ တော်ဝင်စစ်သင်္ဘော HMS Albion

အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ပြင် ထဲက တရုတ်က ပိုင်ဆိုင်ကြောင်း ကြေညာထားတဲ့ ကျွန်းတွေနားမှာ ဗြိတိသျှ တော်ဝင် စစ်သင်္ဘောကြီးတစင်း ဖြတ်သန်းသွားခဲ့တဲ့ နောက်မှာ ဒါဟာ ရန်စတဲ့ လုပ်ရပ်လို့ တရုတ်က ဗြိတိန်ကို စွပ်စွဲလိုက်ပါတယ်။

ဗြိတိသျှ တော်ဝင်စစ်သင်္ဘော HMS Albion ဟာ သြဂုတ်လ ၃၁ ရက်နေ့က ပါရာစဲလ် ကျွန်းတွေနားမှာ ဖြတ်သွားခဲ့တာဟာ နိုင်ငံတကာနဲ့ တရုတ် ဥပဒေတွေကို ချိုးဖေါက်တာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying က ပြောပါတယ်။

တရုတ်ရေတပ်က ဒီသင်္ဘောရောက်နေကြောင်း အတည်ပြုနိုင်ခဲ့တဲ့ အတွက် ပြန်လည် ထွက်ခွာသွားဖို့ သတိပေးခဲ့တယ်လို့ ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ Hua Chunying က ပြောပါတယ်။

တရုတ်က Xisha လို့ခေါ်ပြီး ဗီယက်နမ်က Hoang Sa လို့ခေါ်တဲ့ ဒီကျွန်းတွေကို ဗီယက်နမ်နဲ့ တိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်ကြောင်း ကြေညာထားတာပါ။

ရေကြောင်းသွားလာခွင့်ဆိုင်ရာ လွတ်လပ်ခွင့်ရှိတဲ့ ဥပဒေအရ အခုလို မောင်းနှင်ကြောင်း ဗြိတိန်သင်္ဘောက ကြေညာထားသလို အမေရိကန် ရေတပ်ကလည်း အဲဒီအငြင်းပွားနေတဲ့ ဒေသမှာ ရေကြောင်းကရော လေကြောင်းကပါ စေလွှတ်သွားလာစေခဲ့တာပါ။ ဗြိတိန်နဲ့ ပြင်သစ်တို့က လည်း အလားတူ လေ့ကျင့်မှုတွေအတွက် ဒီဒေသထဲ သူတို့ရဲ့ သင်္ဘောတွေ စေလွှတ်မှာ ဖြစ်ကြောင်း ဇွန်လထဲမှာပဲကြေညာခဲ့ကြတာ ဖြစ်ပါတယ်။

ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ တိုင်ဝမ်နဲ့ ဗီယက်နမ်တွေက အသီးသီး ပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲ က ရေပြင်ပိုင်နက်တွေမှာ တရုတ်ကလည်း ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး နယ်မြေပိုင်ဆိုင်မှု အငြင်းပွါးနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG